ရန်ကုန်-နေပြည်တော် ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် DEMU အမှတ်(၃၂)ရထား တွဲဆိုင်းအား ခဲဖြင့်ပေါက်ခံရ၍ အတက်/အဆင်းတံခါးမှန် ထိမှန်မှုကြောင့် ကျူးလွန်အား ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိနေကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ်(၃၂)အစုန် DEMU လူစီးအမြန်ရထားသည် သင်္ဃန်းကျွန်းဘူတာနှင့် မလွှကုန်းဘူတာအကြား မိုင်တိုင်အမှတ် ၃/၉-၁၀ သုဝဏ္ဏခုံးတံတားကို ဖြတ်သန်းစဉ် ရထားအား ခဲဖြင့်ပစ်ပေါက်ခြင်း ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ထိုသို့ ခဲဖြင့်ပစ်ပေါက်ခံရမှုကြောင့် ရထားတွဲဆိုင်း၏ ပထမဆုံးတွဲအမှတ် DEMU F(C)-4029 ၏ ညာဘက်ခြမ်းရှိ အတက်/အဆင်းတံခါးပေါက် အောက်ဘက်မှန် ထိမှန်၍ ကြေမွပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
ထိုဖြစ်စဉ်ကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဖြစ်ပွားရာနေရာသို့ သင်္ဃန်းကျွန်း ရထားရဲစခန်းနှင့် တိုးကြောင်ကလေးရထားရဲစခန်း တာဝန်ရှိသူများက သွားရောက်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ရထားပြေးဆွဲမှု ကြန့်ကြာမှု ၅ မိနစ်ဖြစ်ပေါ်ခဲ့ပြီး အခြားရထားများ ကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲခဲ့တယ်လို့လည်း သိရပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ အခန်း(၁၈)၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ ၂၀ နှစ်အထိ မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။
Photo – MOI






