ရေရှည်ငွေကြေးအခက်အခဲများနှင့် စီးပွားရေးကျပ်တည်းမှုများကို ရင်ဆိုင်ခဲ့ရသူများသည် သာမန်ထက် ဦးနှောက်အိုမင်းရင့်ရော်မှု ပိုမိုမြန်ဆန်ပြီး မှတ်ဉာဏ်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်း ထိခိုက်ကျဆင်းမှု ပိုမိုမြင့်မားနိုင်ကြောင်း သုတေသနပညာရှင်များက တွေ့ရှိထားတယ်လို့ သိရပါတယ်။
ယခုတွေ့ရှိထားမှုအတွက် ဗြိတိန်နိုင်ငံသား ၂၇၅၉ ဦး၏ သက်တမ်းတစ်လျှောက်ဒေတာများကို သုတေသနပြု ဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း လန်ဒန်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။
လေ့လာဆန်းစစ်ချက်များအရ အသက် ၂၆ နှစ်၊ ၄၃ နှစ်နှင့် ၅၃ နှစ်အရွယ်များတွင် ဆင်းရဲနွမ်းပါးမှု သို့မဟုတ် ကာလရှည်ကြာ ငွေကြေးကျပ်တည်းမှုနှင့်ကြုံတွေ့ရသူများသည် အသက် ၅၃ နှစ်အရွယ်တွင်ပြုလုပ်သည့် မှတ်ဉာဏ်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်း စစ်ဆေးမှုများ၌ ရမှတ်ပိုမိုနည်းပါးသည်ကို တွေ့ရှိရတယ်လို့ ပညာရှင်များက ဆိုထားပါတယ်။
ထို့အတူ အသက် ၆၉ နှစ်နှင့် ၇၁ နှစ်ကြားကိုပြုလုပ်သည့် ဦးနှောက်သံလိုက်ဓာတ်မှန်စစ်ဆေးမှုအရ ရေရှည်ငွေကြေး အခက်အခဲ ရှိခဲ့သူများ၏ ဦးနှောက်ကျုံ့ဝင်မှုသည် ပိုမိုပြင်းထန်ပြီး ဦးနှောက်ကျန်းမာရေး ထိခိုက်မှုပိုမိုများပြားတာကို တွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။
Photo- MWD






