လက်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအတွက် တပ်ဆင်ပေးထားသော မီတာအရေအတွက် စုစုပေါင်း ၆,၉၂၇,၀၉၁ လုံးရှိသည့်အနက်AMI မီတာလဲလှယ်တပ်ဆင်ပြီး မီတာ ၁,၃၇၃,၀၇၅ လုံးဖြစ်ကာ လဲလှယ်ရန် ၅,၅၅၄,၀၁၆ လုံး ကျန်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က အောက်တိုဘာ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့၌ လသာမဲဆန္ဒနယ်မှ ဦးလှတင့်၏ မီတာခကောက်ခံမှုစနစ်အား ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိသော မီတာခကောက်ခံမှုစနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါမေးခွန်းနဲ့ ပတ်သက်လို့ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ အချိန်နှင့်တစ်ပြေးညီသိသော မီတာခကောက်ခံမှုစနစ်သည် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို မိနစ်ပိုင်း၊ နာရီပိုင်းအလိုက် အချိန်နှင့်တစ်ပြေးညီ အလိုအလျောက်တိုင်းတာထားပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူနှင့် ထိန်းချုပ်ကွပ်ကဲသူတို့က သိရှိနိုင်ရန်နှင့် Online Banking မှတစ်ဆင့် ဓာတ်အားခပေးချေနိုင်သည်အထိ စီစဉ်ချိတ်ဆက်ထားသောစနစ်တစ်ခု ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ဖြေကြားထားပါတယ်။
အဆိုပါ အချိန်နှင့်တစ်ပြေးညီသိသော မီတာခကောက်ခံမှုစနစ်တွင် တပ်ဆင်ရသော မီတာများသည် ရိုးရိုး Analogue နှင့် Digital မီတာများကဲ့သို့ လ၏အဆုံးတွင် မီတာတပ်ဆင်သည့်နေရာတွင် သွားရောက်ဖတ်ရှုရန်မလိုဘဲ သိရှိလိုသည့်အချိန်တွင် Utility ၏ Control Center နှင့် Consumer တို့သည် ချိတ်ဆက်ထားသော Monitoring Display တွင် လည်းကောင်း၊ Web Portal တွင်လည်းကောင်း ချက်ချင်းကြည့်ရှုသိရှိနိုင်သည့် စနစ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ယင်းစနစ်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများတွင် Hardware အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးကွန်ရက်၊ ဆော့ဖ်ဝဲလ်နှင့်စနစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ၊ လုံခြုံမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ လိုအပ်မှာဖြစ်တဲ့အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲရန် အသစ်လျှောက်ထား သူများအတွက်လည်း ထပ်မံလိုအပ်မှာဖြစ်တာကြောင့် AMI မီတာများ တိုးချဲ့တပ်ဆင်မှု၊ Main Server တိုးချဲ့မှု၊ Billing Server နှင့် ဘဏ်ချိတ်ဆက်မှုအတွက် Software & System Infrastructure တိုးချဲ့မှုတို့ကို နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ဒုတိယဝန်ကြီး က လွှတ်တော်၌ ဖြေကြားခဲ့ပါတယ်။
Photo-MDN






