လက်ရှိ ဘဏ်များ၏ တည်ငြိမ်နေမှုအနေအထားအား ထိခိုက်မှုမရှိစေရေးအတွက် ဘဏ်များပေါင်းစည်းခြင်းကို ဆောင်ရွက်ရန် အချိန်အခါမသင့်သေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်သူ့လွှတ်တော်၌ ရှင်းလင်းခဲ့ပြီး ပြည်သူ့လွှတ်တော်၌ တင်သွင်းထားသည့် ဘဏ်ပေါင်းစည်းရေးအဆိုကို မှတ်တမ်းတင်ခဲ့ကြောင်း သိရပါတယ်။
လှိုင်သာယာ(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်း တင်သွင်းသည့် “မြန်မာနိုင်ငံ ပြည်တွင်း ဘဏ်များ အရေအတွက်လျှော့ချပြီး ပိုမိုခိုင်မာ အင်အားကြီးပြီး အရည်အသွေးမြင့်သော ဘဏ်များ ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနဲ့ပတ်သက်လို့ အောက်တိုဘာ ၅ ရက်နေ့ ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး ဗဟိုဘဏ်မှ ပြန်လည်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က “မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အားကောင်းခိုင်မာသောဘဏ်များ ပေါ်ပေါက်စေရေးအတွက် ဘဏ်အရေအတွက်ကိုသာ ထိန်းချုပ်ခြင်းမဟုတ်ဘဲ ဘဏ်တစ်ခုချင်းစီ၏ လုံခြုံမှုနှင့် အားကောင်းခိုင်မာမှုကို အဓိကထားခြင်း၊ ဘဏ်များ၏ မတည်ငွေရင်း ကောင်းမွန်ခြင်း၊ ရရန်ပိုင်ခွင့်အရည်အသွေး ကောင်းမွန်ခြင်း၊ စီမံအုပ်ချုပ်မှုနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု ကောင်းမွန်ခြင်း၊ နည်းပညာနှင့် စီမံခန့်ခွဲမှုစွမ်းရည် ကောင်းမွန်ခြင်းတို့အပေါ် အခြေခံ၍ တည်ငြိမ်ခိုင်မာသော ဘဏ်စနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကဘဏ်များအနေဖြင့်လည်း ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေရေးကြေးရေး အားကောင်းခိုင်မာမှု အချိုးများ ပြည့်မီလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံ ဘဏ်များ အသင်းနှင့် ပုဂ္ဂလိကဘဏ်များနှင့်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ရာ တွေ့ရှိချက်များအရ လက်ရှိတည်ငြိမ်မှုရှိနေသည့် အနေအထားအား ထိခိုက်မှုမရှိစေရေးအတွက် ဘဏ်များပေါင်းစည်းခြင်းကို ဆောင်ရွက်ရန် အချိန်အခါမသင့်သေးဟု သုံးသပ်ရရှိပါ တယ်”လို့ လွှတ်တော်၌ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
ထို့အတူ ဘဏ်များပေါင်းစည်းခြင်းနှင့်ပတ်သက်လို့ တည်ဆဲငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတွင် ဘဏ်များပေါင်းစည်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ငွေရေးကြေးရေး စနစ်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံ၏ စီးပွားရေးစနစ်ဖွံ့ဖြိုးလာမှု၊ ဘဏ်စနစ်တည်ငြိမ်ပြီး ပိုမိုခိုင်မာလာမှုနှင့် ဘဏ်တစ်ခုချင်းစီ၏ လိုအပ်မှုတို့အပေါ် မူတည်ပြီး ပြည်တွင်းဘဏ်များလျှော့ချခြင်း သို့မဟုတ် ပေါင်းစည်းခြင်းကို နိုင်ငံတော်၏ မူဝါဒနှင့်အညီသာ ဆောင်ရွက်မှာ ဖြစ်သလို ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်း ကဏ္ဍတည်ငြိမ်ရေးနှင့် ဘဏ်များ အားကောင်းခိုင်မာစေရေး ဆက်လက်ကြီးကြပ် ဆောင်ရွက်သွားမှာဖြစ်လို့ အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။
ယင်းအဆိုနဲ့ ပတ်သက်လို့ သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးက နိုင်ငံတကာအဆင့်မီဘဏ်ကြီးများ ပေါ်ပေါက်လာခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ပြီး ပြည်သူများ ယုံကြည်စိတ်ချစွာ စုဆောင်းအပ်နှံထားသည့် ဘဏ်များတွင် ငွေကြေးအရင်းအမြစ်များ တိုးပွားလာပါက MSME လုပ်ငန်းများ၊ စက်မှုနှင့် မွေးမြူရေးလုပ်ငန်းများ၊ အခြား စီးပွားရေးလုပ်ငန်းများအပြင် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမှာဖြစ်ကြောင်း ကုန်ထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာကာ ပြည်သူများ၏ ဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်က ဘဏ်လုပ်ငန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစီးဆင်းမှု၊ စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးလိုအပ်ချက်များ၊ ပြည်သူများ၏ စုဆောင်းငွေများနှင့် ငွေပေးချေမှုစနစ်များ တိုက်ရိုက်ဆက်စပ်နေသော အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍတွင် ဘဏ်အရေအတွက်ကို မည်မျှထားရှိရမည်ဆိုသည့် အချက်တစ်ခုကိုသာ ကြည့်ရှုရန်မဟုတ်ဘဲ နိုင်ငံ့ဘဏ်လုပ်ငန်းစနစ်တစ်ခုလုံး၏ တည်ငြိမ်မှု၊ ခိုင်မာမှု၊ ယုံကြည်စိတ်ချရမှု၊ ဝန်ဆောင်မှုအရည်အသွေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူပြုနိုင်မှုတို့ကို ဘက်စုံစဉ်းစားရန် လိုအပ်ကြောင်း၊ အဆိုရှင်၏ မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုခိုင်မာအားကောင်းစေရေး ရည်ရွယ်ချက်ကောင်းကို ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာကော်မတီအနေဖြင့် လေးစားအသိအမှတ်ပြုသော်လည်း ဘဏ်အရေအတွက် လျှော့ချဆောင်ရွက်ခြင်းဖြင့်သာ ဘဏ်လုပ်ငန်းစနစ် ခိုင်မာလာမည် မဟုတ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ ကလည်း ၂၀၁၆ ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ၏ ပုဒ်မ ၄၈ ကလည်း ဘဏ်များပေါင်းစည်းခြင်းကို ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ဥပဒေလမ်းကြောင်းကို ဖွင့်ပေးထားပြီးဖြစ်ပြီး နိုင်ငံတကာ အတွေ့အကြုံများကလည်း ပေါင်းစည်းရေးသည် အရေအတွက် လျှော့ချရန်အတွက်သာမဟုတ်ဘဲ အရင်းအနှီးခိုင်မာရေး၊ နည်းပညာရင်းနှီးမြှုပ်နှံနိုင်ရေး၊ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးနှင့် စီးပွားရေးကို ပိုမိုထိရောက်စွာ ငွေကြေးထောက်ပံ့နိုင်ရေးအတွက် အသုံးချနိုင်ကြောင်း ပြသနေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။
ထို့အပြင် အဆိုရှင်၏ ရည်ရွယ်ချက်မှာ ကောင်းမွန်ပြီး ရည်ရွယ်ချက်ကို မူအားဖြင့် သဘောတူပါသော်လည်း လက်ရှိ ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်တည်ငြိမ်နေမှု၊ နိုင်ငံအတွင်းရှိ အစိုးရပိုင်ဘဏ် ၄ ဘဏ်၊ ပုဂ္ဂလိက ဘဏ် ၂၇ ဘဏ်နှင့် နိုင်ငံအနှံ့ ဘဏ်ခွဲပေါင်း ၁၉၀၀ ကျော်အား Banking system အတွက် ကိုက်ညီမှုများ ရှိနေသေးပြီး အချိန်အခါနှင့် ကူးပြောင်းမှု နည်းလမ်းလွဲမှားသွားမည်ဆိုပါက ပြည်သူများ၏ ဘဏ်စနစ်အပေါ် ယုံကြည်မှု လျော့ပါးထိခိုက်စေပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှု မြင့်တက်လာနိုင်တာကြောင့် အမှန်တကယ်လိုအပ်သည့် အချိန်ကျမှသာ နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှု၊ ဗဟိုဘဏ်၏ ကြီးကြပ်မှုတို့ဖြင့် ဆက်လက် လုပ်ဆောင်သွားသင့်ပါကြောင်း၊ လက်ရှိတွင် အဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း လည်း လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
ယင်း အဆိုနှင့် ပတ်သက်လို့ သင့်လျော်သည့် အချိန်ကာလတစ်ခုရောက်မှသာ စဉ်းစားသင့်ပြီး လတ်တလောအခြေအနေတွင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုကို မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါတယ်။
Photo- ပြည်သူ့လွှတ်တော်






