ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက “ကမ္ဘာ့အမြင်ဖြင့် စုစည်းပုံဖော်ခြင်း – ပေါင်ရှန်းနှင့် သာယာလှပသော ဆုံစည်းမှု” ၂၀၂၆ ပြည်ပမီဒီယာသတင်းထောက်များ ပေါင်ရှန်းမြို့ ခရီးစဉ်တွင် ပါဝင်သော ပြည်တွင်းပြည်ပ သတင်းမီဒီယာများသည် ပေါင်ရှန်းမြို့ (Baoshan)၊ လုံလင် (Longling) မြို့နယ်၊ လုံကျန်း (Longjiang) ကျေးရွာအုပ်စု သို့ သွားရောက်ကာ ဒေသတွင်း ကျေးလက်ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို သတင်းရယူခဲ့ကြပြီး Cliff Coffee နှင့် Shuhe Coffee ကဲ့သို့သော အထူးကော်ဖီဆိုင်များသို့ သွားရောက်ကာ သဘာဝသယံဇာတ အားသာချက်များကို အခြေပြု၍ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖန်တီးထားမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ဖော်ဆောင်နေမှုများကို လေ့လာခဲ့ကြပါသည်။


နိုင်ငံတကာမီဒီယာများသည် ရှေးဦးစွာ လုံကျန်းကျေးရွာအုပ်စု နုံးလင်ကျေးရွာရှိ Cliff Coffee သို့ ရောက်ရှိခဲ့ကြပါသည်။ အဆိုပါ ကော်ဖီဆိုင်သည် စောက်မတ်သော လျှိုမြောင်ရှုခင်းကြည့် ပလက်ဖောင်းပေါ်တွင် တည်ရှိပြီး ဧကသောင်းချီကျယ်ဝန်းသည့် လှေကားထစ်စိုက်ခင်းများ၊ လက်ဖက်စိုက်ခင်းများနှင့် ထင်းရှူးတောများ ဆုံစည်းရာနေရာနှင့် ထိစပ်နေပါသည်။ ထူးခြားဆန်းပြားသော သဘာဝရှုခင်းကြောင့် ယခုအခါ ဒေသတွင်း ကျေးလက်ခရီးသွားများ မဖြစ်မနေ လာရောက်လည်ပတ်ရသည့် နေရာသစ်တစ်ခု ဖြစ်လာခဲ့ပါသည်။


ထို့အပြင် နိုင်ငံတကာမီဒီယာများသည် လုံလင်မြို့နယ် လုံကျန်းကျေးရွာအုပ်စု ပါတီကော်မတီအတွင်းရေးမှူး Duan Chunrong နှင့် တွေ့ဆုံမေးမြန်းရာတွင် ၎င်းက လုံကျန်းဒေသသည် “လုံကျန်းနယ်မြေတစ်ခုတည်းဖြင့် ယူနန်၏ အလှအပ ထက်ဝက်ကို ကိုယ်စားပြုသည်” ဟူသော ရည်မှန်းချက်ဖြင့် ကောက်လျန်ကုန်းတောင်တန်း (Gaoligong Mountain) နှင့် လုံကျန်းမြစ်ဟူသော သဘာဝသယံဇာတနှစ်ခုကို အခြေပြုထားကြောင်း ပြောကြားခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင် ဦးစားပေးရေးနှင့် စိမ်းလန်းစိုပြည်သော ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဆုပ်ကိုင်ထားပြီး စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ကာ ကျေးလက်ကော်ဖီ၊ လှေကားထစ်လယ်ယာ ခရီးသွားလုပ်ငန်းနှင့် ထူးခြားဆန်းသစ်သော အိမ်ဧည့်ရိပ်သာ (Homestay) ကဲ့သို့သော စီးပွားရေးပုံစံသစ်များကို တက်ကြွစွာ ဖော်ဆောင်နေကြောင်း၊ သဘာဝသယံဇာတ အားသာချက်များကို စီးပွားရေးအားသာချက်များအဖြစ် ပြောင်းလဲကာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်သစ်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်း ရှင်းပြခဲ့ပါသည်။


Cliff Coffee ၏ ပိုင်ရှင် Lu Zhenqing သည် ယခင်က အွန်လိုင်းမီဒီယာ (New Media) လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် သူမသည် မွေးရပ်မြေကို ချစ်မြတ်နိုးသည့်စိတ်ဖြင့် စီးပွားရေး စတင်ရန် အိမ်ပြန်လာခဲ့ပြီ လုံကျန်း၏ လှပသော သဘာဝရှုခင်းများကို အခြေပြု၍ ကျေးလက်ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် မိမိ မွေးရပ်မြေကို လူသိများလာစေရန် မျှော်လင့်ခဲ့ပါသည်။ သူမ၏ အမျိုးသား Kuang Zihao သည် ထိုင်းနိုင်ငံတွင် ၅ နှစ်ကြာ ပညာသင်ကြားခဲ့စဉ် ကော်ဖီယဉ်ကျေးမှုကို လေ့လာသင်ယူခဲ့ဖူးသဖြင့် မိခင်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် နှစ်ဦးစလုံး လုံကျန်းသို့ ပြန်လာကာ စီးပွားရေးအတူတကွ စတင်ခဲ့ပြီး ဇာတိမြေ၏ သဘာဝရှုခင်းနှင့် ကော်ဖီယဉ်ကျေးမှုကို ပေါင်းစပ်ခဲ့ကြပါသည်။


နှစ်နှစ်ကြာ ပြင်ဆင်ပြီးနောက် ဒေသဆိုင်ရာအစိုးရနှင့် ကျေးရွာကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် ၎င်းတို့ဇနီးမောင်နှံသည် ၂၀၂၅ ခုနှစ်တွင် Cliff Coffee ကို စတင်တည်ထောင်ခဲ့ပါသည်။ ကော်ဖီဆိုင်သည် လုံလင်ဒေသ၏ အမြင့်ပိုင်းဒေသထွက် အရည်အသွေးမြင့် ကော်ဖီစေ့များကို ဂရုတစိုက် ရွေးချယ်ကာ ဒေသထွက် ကော်ဖီအမျိုးအစားသစ်များကို တီထွင်ခဲ့ပါသည်။ ထို့ပြင် ကိုယ်ပိုင် ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်ကို အသုံးပြု၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော စိမ်းလန်းစိုပြေသည့် စီးပွားရေးပုံစံကို ဦးတည်ထားပါသည်။ ယခုအခါ Cliff Coffee ဆိုင်သည် ခရီးသွားများ လှေကားထစ်လယ်ယာ ရှုခင်းများကို ကြည့်ရှုခံစားရာ နေရာတစ်ခု ဖြစ်လာရုံမျှမက အနီးပတ်ဝန်းကျင်ရှိ တည်းခိုခန်းများ၊ ဒေသထွက်အစားအစာဆိုင်များနှင့် စိုက်ပျိုးရေးထုတ်ကုန် ရောင်းချမှုများကိုပါ ပိုမိုကောင်းမွန်လာစေခဲ့ပါသည်။ အလားတူ ဒေသခံလူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး ကော်ဖီဖျော်စပ်ခြင်း၊ ဆိုင်လုပ်ငန်းစဉ်များ စီမံခန့်ခွဲခြင်းနှင့် အွန်လိုင်းမီဒီယာ (New Media) အသုံးပြု၍ ဈေးကွက်မြှင့်တင်ခြင်း စသည့် ကျွမ်းကျင်မှုများကို သင်ယူလေ့လာနိုင်ရန် ကူညီပေးလျက်ရှိပါသည်။


ထို့နောက် မီဒီယာအဖွဲ့သည် Shuhe Coffee သို့ ရောက်ရှိခဲ့ပါသည်။ ဆိုင်ပိုင်ရှင် Guo Yanfen သည် မိသားစုကို စောင့်ရှောက်ရန်နှင့် လူကြီးများကို ပြုစုရန်အတွက် အမျိုးသားဖြစ်သူနှင့်အတူ ပြင်ပတွင် လုပ်ကိုင်နေသော အလုပ်မှ နုတ်ထွက်ကာ ဇာတိသို့ ပြန်လာခဲ့ပါသည်။ ပေါင်ရှန်းမြို့၏ ကော်ဖီလုပ်ငန်းနှင့် လုံကျန်းဒေသ၏ ကျေးလက်ခရီးသွားလုပ်ငန်း အခွင့်အလမ်းများကို အသုံးချ၍ “ဈေးနှုန်းသင့်တင့်မှု၊ လွယ်ကူလက်လှမ်းမီမှုနှင့် ဒေသနှင့် တစ်သားတည်းကျမှု” ဟူသော စီမံခန့်ခွဲမှု မူဝါဒကို ဆုပ်ကိုင်ကာ ဒေသခံများနှင့် ခရီးသွားများအတွက် နွေးထွေးသော ကော်ဖီဆိုင်ဝန်းကျင်ကို ဖန်တီးခဲ့ပါသည်။ ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ၊ နွေးထွေးစိုပြေသော ပတ်ဝန်းကျင်နှင့် ဂရုစိုက်မှုရှိသော ဝန်ဆောင်မှုများကြောင့် Shuhe Coffee သည် ဒေသခံများနှင့် ခရီးသွားများအကြား လျင်မြန်စွာ ရေပန်းစားလာခဲ့ပြီး လုံကျန်းကျေးလက်ခရီးသွားလုပ်ငန်း၏ ဆွဲဆောင်မှုအသစ်တစ်ခု ဖြစ်လာခဲ့ပါသည်။


ခရီးစဉ်အတွင်း China News Service ယူနန်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး Zhang Dan က ယခင်က လုံကျန်းကျေးရွာအုပ်စုသည် ရိုးရာစိုက်ပျိုးရေးကိုသာ အဓိကထားဆောင်ရွက်ခဲ့ပြီး လူငယ်အများအပြားသည် ကျောင်းပြီးပါက မြို့ကြီးများသို့ သွားရောက်လုပ်ကိုင်ကြကြောင်း၊ သို့သော် လတ်တလောနှစ်များအတွင်း ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်လာသည်နှင့်အမျှ ဒေသတွင်းရှိ လှေကားထစ်လယ်ယာများ၊ လက်ဖက်စိုက်ခင်းများ စသည့် သဘာဝသယံဇာတများကို အခြေပြု၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကူညီပံ့ပိုးမှု မူဝါဒများစွာကို စနစ်တကျ ထုတ်ပြန်ခဲ့သဖြင့် လူငယ်များစွာ ဇာတိသို့ ပြန်လည်ခြေချကာ စီးပွားရေးစတင်ရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ယခု သွားရောက်ခဲ့သည့် Cliff Coffee နှင့် Shuhe Coffee တို့သည် လုံကျန်းဒေသ လူငယ်များ ဇာတိသို့ပြန်လာကာ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖော်ဆောင်နေသည့် သာဓကများဖြစ်ပြီး တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုသည် လူငယ်များအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနေသည်ကို မီးမောင်းထိုးပြနေကြောင်း နိုင်ငံတကာမီဒီယာများအား ရှင်းပြခဲ့ပါသည်။


လတ်တလောနှစ်များအတွင်း လုံကျန်းဒေသသည် သာယာလှပသော သဘာဝပတ်ဝန်းကျင်နှင့် ထူးခြားသော ထုတ်ကုန်သယံဇာတများကို အခြေပြု၍ “ကော်ဖီ + ခရီးသွားလုပ်ငန်း + ယဉ်ကျေးမှု” ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး မော်ဒယ်အသစ်ကို စဉ်ဆက်မပြတ် ဖော်ဆောင်လျက်ရှိပါသည်။ ဇာတိသို့ ပြန်လည်ခြေချလာကြသော လူငယ်များသည် ခေတ်မီစီးပွားရေး အယူအဆများကို ကျေးလက်သယံဇာတများနှင့် ပေါင်းစပ်ကာ ကျေးလက်ခရီးသွားလုပ်ငန်းသို့ တက်ကြွသော စွမ်းအားအသစ်များ ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ထို့အပြင် သဘာဝတောတောင်ထဲမှ ကော်ဖီတစ်ခွက်သည် လုံကျန်းဒေသ၏ သဘာဝအလှအပ၊ စီးပွားရေးတိုးတက်မှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို ပြသရာနေရာအသစ်တစ်ခု ဖြစ်လာခဲ့ပါသည်။
Photos – CNS






