နိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားအတွက် မြစ်ဆုံစီမံကိန်းအပါအဝင် တည်ဆောက်မယ့် လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစီအစဉ်တွင် တက်ရောက် ပြောကြားခဲ့ရာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
နိုင်ငံတော် သမ္မတ က “ဧရာဝတီပင်မမြစ်ကြီးပေါ်မှာ အနိမ့်တမံနဲ့ ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်နိုင်ဖို့ လေ့လာမှုတွေ ဆောင်ရွက်လျက်ရှိနေပါတယ်။ မြစ်ဆုံစီမံကိန်းအပါအဝင် တည်ဆောက်မယ့် လျှပ်စစ်စီမံကိန်း ၁၀ ခု ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်အတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား ပမာဏ အပြည့်အဝဖြန့်ဖြူးပေးနိုင်မှာဖြစ်တဲ့အတွက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ထို့အတူ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေမယ့် ပြန်လည်ပြည့်ဖြိုးမြဲ ကိုယ်ပိုင် ဆိုလာ ဓါတ်အားပေး စနစ်များတည်ဆောက်တပ်ဆင် အသုံးပြုကြဖို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်နေပြီး သစ်တောပြန်းတီးမှုနဲ့ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အသုံးချဆောင်ရွက်တဲ့ နေရာမှာ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေဟာ ရေရှည်စဉ်းစားကာ စဉ်ဆက်မပြတ် ဓါတ်အားထုတ်လုပ်နိုင်ဖို့ အရေးကြီးတဲ့အတွက် ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ အဆင့်မြင့်လာစေဖို့အတွက် လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိရေးဟာလည်း အလွန်အရေးကြီးကြောင်း၊ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့ရည်(LNG)ကို အသုံးပြုတဲ့ ဓါတ်အားပေးစက်ရုံစီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုဟာ ရေအားလျှပ်စစ်နဲ့ သဘာဝဓါတ်ငွေ့အရင်းအမြစ်တွေကိုပါ အဓိက မှီခိုအားထားရတဲ့အတွက် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ စိန်ခေါ်မှုတွေ ရှိနေသလို ကမ္ဘာ့စွမ်းအင် ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် ရေရှည်မှာစဉ်းစား စရာဖြစ်လာခဲ့ကြောင်း၊ ထို့အတွက်ကြောင့် အစိုးရအနေနဲ့ ပြည်တွင်းက လျှပ်စစ်နှင့် စွမ်းအင် အရင်းအမြစ်တွေ အပေါ်မှာ အခြေခံပြီး သင့်တော်တဲ့ ဓါတ်အားထုတ်လုပ်မှုကို စဉ်းစားတဲ့ နေရာမှာ နေရောင်ခြည် စွမ်းအင်ဟာ နိုင်ငံတော်အတွက် အထူးသင့်လျော်တာကို တွေ့ရှိရကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
သူက ဆက်လက်ပြီး “နိုင်ငံရဲ့ ပထဝီအနေအထားအရ အီကွေတာနဲ့ နီးလို့ တစ်နှစ်ပတ်လုံး နေရောင်ခြည်စွမ်းအင် အပြည့်အဝ ရရှိတဲ့အတွက် အရှေ့တောင်အာရှမှာ ဆိုလာစွမ်းအင် ထုတ်လုပ်နိုင်စွမ်း အလားအလာ အကြီးမားဆုံး နိုင်ငံထဲမှာ ပါဝင်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံးပြီး တစ်နှစ်ကို လျှပ်စစ် ဓါတ်အား ၅၂၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ (Terawatt-hour – TWh) အထိတောင် ထုတ်လုပ်နိုင်စွမ်းရှိနေပါတယ်။အထူးသဖြင့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးစတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများတွင် ဆိုလာစွမ်းအင်ဖြင့် တစ်နှစ်ပတ်လုံး အမြင့်ဆုံး ထုတ်လုပ်ပေးနိုင်တယ့် နေရာများဖြစ်ပါတယ်”လို့လည်း ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားရရှိနိုင်ဖို့ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းသည့် နေရာတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းနှင့် နျူကလီယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး လုပ်ငန်းတွေဟာလည်း ထည့်သွင်းစဉ်းစားရမယ့် နည်းလမ်းများဖြစ်ပြီး နိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အားရရှိရေး စီမံချက်ပြည့်မီရန်အတွက် တစ်ထောင့်တစ်နေရာက အားဖြည့်နိုင်ဖို့ ၆၆၀ မဂ္ဂဝပ်အထိထွက်ရှိမယ့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေးဓါတ်အားပေးစက်ရုံကိုလည်း ၅ နှစ်အတွင်း အဆင့်ဆင့်တည်ဆောက် သွားမှာဖြစ်သလို နျူကလီယားဓါတ်အားပေးစက်ရုံကိုလည်း တည်ဆောင်သွားမယ်လို့ နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါတယ်။
Photos- ပြည်ထောင်စုလွှတ်တော်






