[latest_news_marquee]

လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ကျောက်မီးသွေးနှင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တိုင်းနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန် ပြည်ပမှ တင်သွင်းရန် မလိုသည့် ကျောက်မီးသွေးကိုအသုံးပြု၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများနှင့်ပတ်သက်၍  ပြည်ပမှတင်သွင်းခြင်းအစား ပြည်တွင်း၌ အစမှအဆုံး အလုံးစုံတပ်ဆင်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားနိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများရရှိနိုင်မည်ဖြစ်ကြောင်း၊ EV ကားများကို ပြည်တွင်း၌အစမှအဆုံး အောင်မြင်အောင်ထုတ်လုပ်နိုင်မှသာလျှင် ပြည်သူများကုန်ကျစရိတ် သက်သာစွာဖြင့် အရေအတွက်များများသုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း၊ EV ကားများအား ပြည်တွင်း၌ပင် အစမှအဆုံး အောင်မြင်စွာထုတ်လုပ်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

ထို့အပြင် သွင်းကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများ များစွာသုံးစွဲရလျက်ရှိကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီများကို တင်သွင်းမှုလျှော့ချနိုင်ရန်အတွက် နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံကိန်းများနှင့် စီမံချက်များချမှတ်ရာတွင် အခြေခံကိန်းဂဏန်း အချက်အလက်များသည် အဓိကကျကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြသည့်ကိန်းဂဏန်းအချက်အလက်များသည် မြေပြင်နှင့်ကိုက်ညီမှုရှိရန်နှင့် မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်း၊ အလားတူ လုပ်ငန်းများ အောင်မြင်မှုရှိစေရေးအတွက် ကာလတိုဆောင်ရွက်ခဲ့သည့် သုတေသနများနှင့် ကာလရှည်ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများကို မဖြစ်မနေသုံးသပ် ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News