[latest_news_marquee]

ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိသော သမိုင်းဝင်အမွေအနှစ် အဆောက်အဦဖြစ်သည့် ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ကာ ဇူလိုင် ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး   အဖွင့်အမှာစကား ပြောကြားရာမှာ “ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ပါက မြန်မာ့ယဉ်ကျေးမှုသမိုင်းမှာ အလွန်ထူးခြားလှတဲ့ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ်ပါတယ်။ လှပခိုင်ခံ့တဲ့ ပြင်သစ် ဗိသုကာလက်ရာ၊ ကျွန်းသစ် နံရံကတ်ပြားတွေနဲ့ ရှေးဟောင်းရုပ်ရှင်ရုံကြီးဟာ ဒြပ်ရှိအမွေအနှစ်အဖြစ်တည်ရှိနေချိန် စင်မြင့်ထက်မှာ ကပြတင်ဆက်ခဲ့ကြတဲ့ မြန်မာ့သဘင်၊ ဆိုင်း၊ ဂီတ၊ အက၊ ပြဇာတ်နဲ့ ရုပ်ရှင်တင်ဆက်မှုတွေဟာလည်း ဒြပ်မဲ့အမွေအနှစ်အဖြစ် ထင်ဟပ်စေပြီး ဝဇီရာကို သမိုင်းစဉ်ဆက် ရှင်သန်စေခဲ့ပါတယ်။ ယခုလို တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီးကို အနာဂတ်မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းနိုင်ဖို့ အထူးအလေးထားပြီး ဆောင်ရွက်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဝဇီရာရုပ်ရှင်ရုံကြီးကို မူလသမိုင်းဝင် ဗိသုကာလက်ရာများကို မပျက်စီးစေဘဲ အလေးပေးတန်ဖိုးထားမှုများနှင့်အတူ ခေတ်မီရုပ်ရှင်ကြည့် ထိုင်ခုံများ၊ ရုပ်ရှင်နှင့် ပြဇာတ်ပါ နှစ်မျိုးသုံးနိုင်သည့် LED နောက်ခံ Screen များနှင့် နောက်ဆုံးပေါ် အသံလုံစနစ်များစသည့် ခေတ်ပေါ်နည်းပညာများ ပေါင်းစပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံအများစုတွင် ဂန္ထဝင်ယဉ်ကျေးမှုပြဇာတ်ကြီးများ၊ သီချင်းကြီးများနှင့် သံစုံတီးဝိုင်းများကို သီးသန့်တန်ဖိုးထားပြီး တခမ်းတနား တင်ဆက်ကပြကြည့်ရှုလေ့ရှိသည့် အော်ပရာပြဇာတ်ရုံကြီးများ (Opera Houses) ရှိနေကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်း ယခုဖွင့်လှစ်လိုက်သည့် ဝဇီရာကဇာတ်ရုံကြီးသည် မြန်မာ့ရိုးရာ ဆိုင်း၊ အငြိမ့် ၊ သဘင်၊ ရိုးရာ ကဇာတ်ကြီးများနှင့် ဂန္ထဝင် မြန်မာ့ပြဇာတ်ကြီးများကို နိုင်ငံတကာအဆင့်မီ ခမ်းနားထည်ဝါစွာ တင်ဆက်ကြည့်ရှုနိုင်မည့် တစ်ခုတည်းသော အမျိုးသားအဆင့် ကဇာတ်ရုံကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်းနှင့် ယခု ကဇာတ်ရုံကြီးတွင် တင်ဆက်မည့် အနုပညာလက်ရာများသည် ရိုးရိုး ဖျော်ဖြေရေး သက်သက်မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိသည့်၊ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်သည့် တင်ဆက်မှုများကို မြန်မာပြည်သူပရိသတ်များနှင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များ ဂုဏ်ယူစွာ ကြည့်ရှုခံစားနိုင်တော့မည်ဖြစ်ကြောင်းတို့ကိုလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

ယခုအဆင့်မြှင့်တင်ပြီး ပြန်လည်အသက်သွင်းလိုက်သည့် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံကြီးသည် ရုပ်ရှင်ပြသရန် သက်သက်သာမဟုတ်ဘဲ ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အကနှင့် ဂီတပွဲများကျင်းပရာ ဘက်စုံသုံး အနုပညာဗဟိုချက် (Cultural Hub) တစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအနုပညာဖျော်ဖြေရေး ပြက္ခဒိန်ရေးဆွဲပြီး ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ကားများပြသခြင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာသဘင်နှင့် ဂီတဖျော်ဖြေပွဲများကျင်းပခြင်း၊ ကမ္ဘာလှည့် ခရီးသွားများအတွက် ယဉ်ကျေးမှုအထူးပြပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်များ ကျင်းပခြင်းစသည့် အနုပညာလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင် ဝဇီရာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံကြီးသည် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နှင့် ယဉ်ကျေးမှုစီးပွားရေး (Cultural Economy)တို့နှင့်ပတ်သက်ပြီး များစွာအထောက်အကူပြုနိုင်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photos – MOI

Your Ad Here
Ad Size: 336x280 px

More News