[latest_news_marquee]

ဝန်ကြီးချုပ် ချီးကျူးခဲ့သည့် ချုံချင့်မြို့ထုတ် မော်တော်ဆိုင်ကယ်များ

ချုံချင့် (Chongqing) မြို့သည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း လုပ်ငန်းစုတစ်ခုကို မရှိရာမှ ရှိလာအောင်၊ ရှိရာမှတစ်ဆင့် ပိုမိုကောင်းမွန် ပြည့်စုံလာအောင် စနစ်တကျ တည်ဆောက်ပြောင်းလဲနိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းရည်သည် သာမန်ရိုးရှင်းလှသည်ဟု ထင်ရသော အသေးစိတ်အချက်အလက်လေးများအကြားဝယ် မကြာခဏဆိုသလို ပုန်းကွယ်တည်ရှိနေတတ်ပါသည်။

မကြာသေးမီက ကျင်းပခဲ့သော ၂၀၂၆ ကမ္ဘာ့စူပါမော်တော်ဆိုင်ကယ်ချန်ပီယံရှစ်ပြိုင်ပွဲ (WSBK) တွင် ထူးထူးခြားခြား လက်စွမ်းပြနိုင်ခဲ့သည့် ချုံချင့်မြို့အခြေစိုက် “ကျန်းရွှယ်မော်တော်ဆိုင်ကယ်” (Zhangxue ၏ မော်တော်ဆိုင်ကယ်လုပ်ငန်း) သည် ဥရောပသို့ ပထမဆုံးအကြိမ်အဖြစ် ဆိုင်ကယ်အစီးလိုက် အလုံးအရင်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။ ၎င်းသည် သာမန်တင်ပို့မှုမျိုး မဟုတ်ပေ။

မကြာသေးမီက ကျင်းပပြီးစီးခဲ့သော ၂၀၂၆ နွေရာသီ ဒါးဗို့စ်ဖိုရမ် (Summer Davos Forum) ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က “ချုံချင့်မော်တော်ဆိုင်ကယ်၏ ၁ နာရီအတွင်း ထုတ်လုပ်နိုင်သောစက်မှုဇုန်ဝန်းကျင်” ကို အထူးတလည် ထည့်သွင်းပြောကြားခဲ့ပါသည်။ ၎င်းကို ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ အီလက်ထရွန်းနစ်သတင်းအချက်အလက် ၁ နာရီအတွင်း ရောက်ရှိနိုင်သော တီထွင်ဆန်းသစ်မှုဇုန်၊ ရှန်းကျန့် စက်ရုပ်တောင်ကြား၏ မိနစ် ၃၀ အတွင်း ရောက်ရှိနိုင်သော အပိုပစ္စည်းထုတ်လုပ်မှုဇုန်တို့နှင့်အတူ ယှဉ်တွဲလျက် တရုတ်နိုင်ငံ၏ အထူးပြု၊ ကွဲပြားပြီး ထူးခြားချက်ရှိသော စက်မှုအစုအဖွဲ့ (Industrial Cluster) များ၏ ပြယုဂ်တစ်ခုအဖြစ် ချီးကျူးဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ဤ “၁ နာရီအတွင်း ရောက်ရှိနိုင်သော စက်မှုဇုန်ဝန်းကျင်” ၏ နောက်ကွယ်တွင် ဘယ်လိုမှ အစားထိုး၍မရသော အမာခံစွမ်းအားများ တည်ရှိနေပါသနည်း။ ၎င်းသည် တရုတ်မြို့ကြီးများ၏ စက်မှုကဏ္ဍ ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်အတွက် ဘယ်လို အခြေခံ အတွေးအခေါ် တည်ဆောက်ပုံမျိုးကို ပံ့ပိုးပေးနိုင်မည်နည်း။ ဒီအဖြေတွေကိုတော့ ချုံချင့်မြို့ရဲ့ လှိုင်းတွန့်သဖွယ် အလွှာအဆင့်ဆင့်တည်ရှိနေတဲ့ လမ်းမတွေနဲ့ ဆူညံသံတွေ ပြည့်နှက်နေတဲ့ စက်ရုံအလုပ်ရုံတွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါသည်။

ချုံချင့်မြို့ပြဧရိယာကြီးအတွင်းရှိ ကျိုလုံဖို (Jiulongpo)၊ ပါနန် (Banan) နှင့် ပိစန်း (Bishan) တို့ကို ဗဟိုပြု၍ ကီလိုမီတာ ဆယ်ဂဏန်းပတ်လည်အတွင်း၌ မော်တော်ဆိုင်ကယ်တစ်စီးလုံး ထုတ်လုပ်သည့် စက်ရုံများနှင့် အပိုပစ္စည်းစက်ရုံ ပေါင်းထောင်ချီ စုပြုံတည်ရှိနေပြီး ရင့်ကျက်သော စက်မှုကုန်ထုတ်လုပ်ငန်းစုကြီးတစ်ခုကို တည်ဆောက်ထားပါသည်။

အင်ဂျင်၊ ဆိုင်ကယ်ဖရိန်၊ ရှော့ဘားမှစ၍ အီလက်ထရွန်းနစ် ဆီဖြန်းစနစ် (EFI System)၊ ဒိုင်ခွက်၊ အပြင်ဘက် ပလတ်စတစ်ကိုယ်ထည် အဖုံးအကာများအထိသာမက အမြင်အားဖြင့် အသေးအမွှားလေးဟု ထင်ရသည့် အထူးထုတ် ခံနိုင်ရည်မြင့် ဝက်အူ (screw) အဆုံး ဆိုင်ကယ်တစ်စီးလုံး၏ အစိတ်အပိုင်းအားလုံးနီးပါးကို ၁ နာရီအတွင်း သွားလာနိုင်သည့် အကွာအဝေးအတွင်းရှိ ကုန်ပစ္စည်းပံ့ပိုးသူများထံမှ အလွယ်တကူပင် ရယူစုဆောင်းနိုင်ပါသည်။

တရားဝင်အချက်အလက်များအရ ချုံချင့်မြို့တွင် လက်ရှိ၌ သတ်မှတ်ပမာဏပြည့်မီသော မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် လုပ်ငန်းကြီး ၅၁ ခုနှင့် အပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းကြီး ၄၁၀ ကျော် စုစည်းလျက်ရှိပါသည်။ ၎င်းသည် တစ်နှစ်လျှင် မော်တော်ဆိုင်ကယ်အစီးရေ သန်း ၂၀ ကျော်နှင့် အင်ဂျင်အလုံးရေ သန်း ၂၀ ကျော် ထုတ်လုပ်နိုင်သည့် ဘက်စုံစွမ်းဆောင်ရည်ကို ဖြစ်ပေါ်စေပြီး ဆီသုံးမော်တော်ဆိုင်ကယ်များအတွက် ဒေသတွင်း အပိုပစ္စည်းထောက်ပံ့နိုင်မှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းကျော် ရှိပါသည်။ ထိုကဲ့သို့ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုပြီး နက်ရှိုင်းစွာ ဆက်နွယ်နေသည့် ‘မိုးသစ်တောသဖွယ်’ စုံလင်လှသည့် စက်မှုဂေဟစနစ်တို့သည် ချုံချင့်မော်တော်ဆိုင်ကယ်လုပ်ငန်းကို အခြားသူများ တုပ၍မရနိုင်စေရန် အခိုင်အမာ ကာကွယ်ပေးထားသည့် အဓိက အားသာချက်တံတိုင်းကြီးပင် ဖြစ်ပါသည်။

စက်မှုလုပ်ငန်းစုကဏ္ဍတွင် ထိပ်တန်းနေရာရရှိရေး ပြိုင်ဆိုင်ကြရာ၌ မြို့ကြီးအများစုသည် မိမိတို့ထံတွင် အခိုင်အမာ တည်ရှိနေသော အားကောင်းလှတဲ့ ထောက်ပံ့ရေးကွင်းဆက် (Supply chain) လုပ်ငန်းစာရင်းတွေကို အသီးသီး ထုတ်ဖော်ပြသနိုင်ကြပါသည်။ သို့သော် ချုံချင့်မြို့၏ ထူးခြားချက်မှာ
ဆိုင်ကယ်ထုတ်လုပ်သည့် စက်ရုံများနှင့် အပိုပစ္စည်းထုတ်လုပ်သူများအကြား ဆက်ဆံရေးသည် ဝယ်လိုအားနှင့် ထောက်ပံ့ရေးဟူသော လမ်းကြောင်းတစ်ခုတည်း မဟုတ်ဘဲ အပြန်အလှန် နက်ရှိုင်းစွာ ပေါင်းစပ်ပြီး ပံ့ပိုးကူညီပေးနေသည့် အတူတကွ ရှင်သန်ခြင်းစနစ် ဖြစ်နေခြင်းပင် ဖြစ်ပါသည်။

ဥပမာအားဖြင့် ချုံချင့်မြို့ ပိစန်းခရိုင်တွင် ဂီယာ၊ ဆိုင်ကယ်ဖရိန်မှသည် အင်ဂျင်၊ ရှော့ဘား၊ ဖရစ်ရှင်ပြား အထိ ပြီးပြည့်စုံသော မော်တော်ဆိုင်ကယ် အပိုပစ္စည်းကွင်းဆက်တစ်ခုလုံး စုစည်းနေပါသည်။ “Landai နည်းပညာ” (Landai Technology) နှင့် “ချုံချင့်ဟွာလင်” (Chongqing Hualing) စသည့် လုပ်ငန်းအုပ်စုများသည် မိမိတို့၏ သီးသန့်ကဏ္ဍအသီးသီးတွင် နှစ်ပေါင်းများစွာ အမြစ်တွယ် လုပ်ကိုင်လာခဲ့ကြသဖြင့် သီးခြားထင်ရှားသော နည်းပညာဆိုင်ရာ အားသာချက်များနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြပါသည်။ ဤကဲ့သို့သော “ရွက်ပုန်းသီး ထိပ်တန်းလုပ်ငန်းများ” တည်ရှိနေခြင်းက ချုံချင့်မြို့၏ စက်မှုဂေဟစနစ်ကို အံ့ဩစရာကောင်းလောက်အောင် လိုက်လျောညီထွေရှိမှုနှင့် ကြံ့ခိုင်မှုများကို ပေးစွမ်းထားပါသည်။

အခြားဒေသများတွင် မော်တော်ဆိုင်ကယ် မော်ဒယ်အသစ်တစ်ခုကို သုတေသနပြု ဖော်ထုတ်ခြင်းမှသည် အမြောက်အမြား ထုတ်လုပ်နိုင်သည်အထိ ပုံမှန်အားဖြင့် ၂၄ လခန့် ကြာမြင့်တတ်သော်လည်း ချုံချင့်မြို့တွင်မူ ထိုကာလကို ၁၅ လမှ ၁၂ လအထိ တိုတောင်းအောင် လုပ်ဆောင်နိုင်ပါသည်။ တီထွင်ဖန်တီးသူတစ်ဦးအနေဖြင့် စိတ်ကူးပေါ်လာသည်မှစ၍ နမူနာပုံစံဆိုင်ကယ်တစ်စီး ထွက်လာသည်အထိ ဤစက်မှုဇုန်ဝန်းကျင်မှ ထွက်ခွာစရာမလိုဘဲ သုတေသနပြုပုံစံထုတ်ခြင်း၊ အမြန်နမူနာပြုလုပ်ခြင်း၊ စွမ်းဆောင်ရည်စမ်းသပ်ခြင်းမှသည် တစ်စီးလုံး အမြောက်အမြားထုတ်လုပ်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို အပြီးသတ်နိုင်ပါသည်။

၂၀၂၅ ခုနှစ်တွင် ချုံချင့်မြို့၏ မော်တော်ဆိုင်ကယ်လုပ်ငန်းသည် “ပထမနေရာ” နှစ်ခုကို ဆွတ်ခူးခဲ့ပါသည်။ ၎င်းတို့မှာ ဆိုင်ကယ်ထုတ်လုပ်မှုပမာဏ ၇ ဒသမ ၈၅၇ သန်းဖြင့် တစ်နိုင်ငံလုံးရှိ မြို့ကြီးများအနက် ပထမ၊ မော်တော်ဆိုင်ကယ် တင်ပို့မှုပမာဏ ၆ ဒသမ ၁၀၉ သန်းဖြင့် တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် မြို့ကြီးများအနက် ပထမ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ချုံချင့်မော်တော်ဆိုင်ကယ်၏ ၁ နာရီအတွင်း ရောက်ရှိနိုင်သော စက်မှုဇုန်ဝန်းကျင်မှ ရရှိသည့် မဟာဗျူဟာမြောက် အတွေ့အကြုံများနှင့် အတွေးအမြင်များကို အဓိကကျသော သော့ချက်စကားလုံး ၃ ခုဖြင့် အနှစ်ချုပ် ပုံဖော်ကြည့်နိုင်ပါသည်။

ပထမအချက်မှာ သမိုင်းကြောင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ နက်ရှိုင်းမှု ဖြစ်ပါသည်။ ချုံချင့်မြို့၏ မော်တော်ဆိုင်ကယ်လုပ်ငန်းသည် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ချုံချင့်ကျားလင်စက်ရုံ (Jialing Machinery Factory) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမိုင်းတွင် ပထမဆုံးသော လူထုသုံး မော်တော်ဆိုင်ကယ် “Jialing CJ50” ကို ထုတ်လုပ်ခဲ့ပါသည်။ ယခုအခါတွင်မူ ဇုန်းရှန် (Zongshen)၊ လုံရှင်း (Loncin)၊ လီဖန်း (Lifan) စသည့် နာမည်ကြီးအမှတ်တံဆိပ်များသည် ပြည်တွင်းပြည်ပတွင် ကျော်ကြားနေပြီဖြစ်ရာ ချုံချင့်မြို့၏ မော်တော်ဆိုင်ကယ်ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာ အလွန်တရာ တောင့်တင်းခိုင်မာမှုကို ပြသနေပါသည်။

ဒုတိယအချက်မှာ ပထဝီဝင်အနေအထားအရ နီးကပ်သိပ်သည်းမှုဖြစ်ပါသည်။ ချုံချင့်မြို့ပြဧရိယာကြီး၏ ကီလိုမီတာ ဆယ်ဂဏန်းပတ်လည်အတွင်း မော်တော်ဆိုင်ကယ်နှင့် အပိုပစ္စည်းစက်ရုံ ပေါင်းထောင်ချီ သိပ်သည်းစွာ တည်ရှိနေပါသည်။ ဤကဲ့သို့ “စူပါမားကတ်တွင် ပစ္စည်းဝယ်သကဲ့သို့ လွယ်ကူစွာ ဆိုင်ကယ်ထုတ်လုပ်နိုင်ခြင်း” မျိုးကို မည်သည့် ပြင်ပပြိုင်ဘက်ကမျှ အချိန်တိုအတွင်း တုပနိုင်မည် မဟုတ်ပေ။

တတိယအချက်မှာ တန်ဖိုးကွင်းဆက် ကျယ်ပြန့်မှု ဖြစ်ပါသည်။ ချုံချင့်မြို့သည် ၎င်း၏ “မြေဆွဲအားကို ဆန့်ကျင်ပြီး အထပ်ထပ် တည်ဆောက်ထားသည့် ‘8D’ ဘက်စုံ မြို့ပြသွင်ပြင်” ကို အသုံးချကာ သမားရိုးကျ မော်တော်ဆိုင်ကယ် ယဉ်ကျေးမှုကို မျိုးဆက်သစ် ဉာဏ်ရည်တုသုံး အင်တာနက်ချိတ်ဆက်စနစ်၊ စွမ်းအင်သစ်သုံး ဆိုင်ကယ်အတွေ့အကြုံများနှင့် နက်ရှိုင်းစွာ ပေါင်းစပ်ပေးခဲ့ပါသည်။ လမ်းကြောင်းစုံ၊ အခြေအနေစုံတွင် မောင်းနှင်နိုင်သော “မောင်းနှင်မှုမြို့တော်” (Driving City) အဖြစ် ဖန်တီးထားပြီး မော်တော်ဆိုင်ကယ် ငှားရမ်းခြင်း၊ လမ်းပြခြင်း၊ စမတ်မောင်းနှင်မှုခရီးစဉ် စသည့် လုပ်ငန်းပုံစံသစ်များကို လှုံ့ဆော်ပေးလျက်ရှိပါသည်။ ၎င်းသည် ကုန်ထုတ်လုပ်မှုဆိုင်ရာ အားသာချက်များကို မော်တော်ဆိုင်ကယ်ခရီးသွားစီးပွားရေးနှင့် အဆင့်မြင့် နည်းပညာသုံး စမတ်သွားလာရေးစနစ်တို့အထိ ကျယ်ပြန့်သော စီးပွားရေးဂေဟစနစ်တစ်ခုအဖြစ်သို့ ထိရောက်စွာ တိုးချဲ့ပေးကာ အတုယူရန်ခက်ခဲသော ထူးခြားဆန်းသစ်သည့် ဆွဲဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေပါသည်။

မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအရ ၂၀၂၇ ခုနှစ်တွင် ချုံချင့်မော်တော်ဆိုင်ကယ်လုပ်ငန်း၏ စုစုပေါင်းစက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၁၄၀ ဘီလီယံအထိ ရောက်ရှိမည်ဖြစ်ပါသည်။
အခြေခံအကျဆုံး “Jialing CJ50” မှသည် စွမ်းဆောင်ရည်မြင့် “Zhangxue 820RR” အထိ၊ “စစ်ဘက်သုံးမှ အရပ်ဘက်သုံးသို့ ကူးပြောင်းရေး” စီမံကိန်းမှသည် ကမ္ဘာ့အဆင့် WSBK ပြိုင်ကွင်းများထက် အောင်ပွဲခံနိုင်သည်အထိ ချုံချင့်မြို့သည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဘာမျှမရှိရာမှသည် ထိပ်တန်းအဆင့်သို့ တရွေ့ရွေ့ တက်လှမ်းလာသည့် စက်မှုလုပ်ငန်းစုကြီးတစ်ခု၏ သမိုင်းကြောင်းကို ရေးထိုးနိုင်ခဲ့ပါသည်။
ဤအရာအားလုံး၏ အစပြုရာမှာမူ ဝက်အူတစ်လုံး၊ ဂီယာတစ်ခု၊ ရှော့ဘားတစ်ခုချင်းစီနှင့် ၎င်းတို့ကို ၁ နာရီအတွင်း တစ်စုတစ်စည်းတည်း ပေါင်းစပ်ပေးနိုင်သည့် ထို စက်မှုဇုန်ဝန်းကျင် ဖြစ်ပါသည်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News