မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ပါက သမ္ဘူလဂူဘုရားအတွင်းရှိ မုခ်လေးမုခ်မှ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်များကိုဖူးမြော်ပြီး လိုဏ်နံရံများနှင့် မျက်နှာကြက် အပြည့်ရေးဆွဲထားသည့် ဗုဒ္ဓဝင်ဇာတ်ကွက်များ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များနှင့် ပုဂံခေတ် မင်းဧကရာဇ် သမိုင်းကြောင်းတို့ကို ဝင်ရောက် လေ့လာနိုင်တယ်လို့ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရပါတယ်။
အဆိုပါ ဂူဘုရားအတွင်း တွေ့ရှိရသောကျောက်စာမှတ်တမ်းများအရ ခရစ်နှစ် ၁၂၅၅ ခုနှစ်တွင် ဥဇနာမင်းကြီး၏ မိဖုရား သမ္ဘူလ၏ ကောင်းမှုတော်ဂူဘုရားဖြစ်ပြီး အရှေ့မုခ်လှည့် အုတ်ဂူပုံစံ တည်ဆောက်ထားသည်ကို လေ့လာတွေ့ရှိနိုင်ကာ ဂူဘုရားကြီးနံရံများနှင့် အမိုး ပေါင်းကူးများ၊ မျက်နှာကြက်များတွင် လက်ရာမြောက်စွာရေးဆွဲထားသော ဗုဒ္ဓဝင်ဇာတ်ကွက်များ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များတွင် မင်းစာတန်းများဖြင့် တင့်တယ်စွာရေးခြယ်ထားပြီး အင်္ဂတေလက်ရာများမှာ အနုစိတ်ပြီး ထူးခြားကောင်းမွန်သည်ကို လေ့လာတွေ့ရှိနိုင်မှာဖြစ်သလို အတွင်းနံရံ ပန်းချီလက်ရာများတွင် လူကိုယ်နှင့် ငှက်မျက်နှာရှိသော ကိန္နရီ၊ ကိန္နရာ ပန်းချီကားလက်ရာများ ကိုလေ့လာနိုင်တယ်လို့ သိရပါတယ်။
ထိုသမ္ဘူလဂူဘုရားကြီး တည်ဆောက်ပုံမှာ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှပြီး လိုဏ်အတွင်း လေဝင်လေထွက်စနစ်၊ အလင်းဝင်စနစ်များ ပေါင်းစပ်တည်ဆောက်ထားရှိမှုနှင့် ဘုရားပတ်လည် မဟာရံတံတိုင်းကြီး တည်ဆောက်ထားမှုမှာလည်း ထုထည်ကြီးမား ခံ့ညားသည်ကို မျက်ဝါးထင်ထင် လေ့လာနိုင်တယ်လို့ သိရပါတယ်။
အဆိုပါ ဘုရားမြောက်ဘက်တွင် ရှင်အဇ္ဇဂေါဏဘုရား၊ မောင်ရိုးဂူဘုရား၊ နိနညးမိုရ်ဘုရားစု၊ အနောက်မြောက်ဘက်တွင် မလုံးဖြစ်ဂူဘုရား၊ မလာဖြစ်ဘုရား၊ သိင်္ဃသူသမီးကျောက်စာ၊ အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘုရားသုံးဆူ၊ နရသီဟပတေ့ဘုရား၊ စောလဝန်းဘုရား၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊ မင်းနန်သူရှုခင်းကြည့်တောင်ကုန်းနှင့် မင်းနန်သူ လေးထောင့်ကန်တို့ကိုလည်း တစ်ဆက်တစ်စပ်တည်း လေ့လာနိုင်တယ်လို့ သိရပါတယ်။






