[latest_news_marquee]

ဟုမ္မလင်းမြို့တွင် စက်သုံးဆီ တင်ရေယာဉ်များဆိုက်ကပ်နိုင်မည့် ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်  လျှောက်ထားလာပါက ပူးပေါင်းဆောင်ရွက်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီ ဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရန် လူပုဂ္ဂိုလ်တစ်ဦးဦး ၊ လုပ်ငန်းရှင်နှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ လာရောက်လျှောက်ထားမှုရှိပါက ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။  

အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး ယနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ အစီအစဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၈) ဦးကျော်ဇင်ထွန်းရဲ့ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီ ဆီချဆိပ်ကမ်းတစ်ခု အရေးကြီး လိုအပ်နေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးထွန်းလူက ယခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယဝန်ကြီးက “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဟုမ္မလင်းမြို့မှာ စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ဖို့ ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နဲ့ ဆိပ်ခံတံတား တည်ဆောက်နိုင်ဖို့အတွက် လူပုဂ္ဂိုလ်၊ လုပ်ငန်းရှင် ဒါမှမဟုတ် ကုမ္ပဏီအဖွဲ့အစည်းများ လျှောက်ထားလာပါက စိစစ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စံချိန်မီ ဆီချဆိပ်ကမ်းအတွက် ဖြစ်နိုင်ချေ အသေးစိတ်လေ့လာဖို့ နည်းပညာပိုင်းဆိုင်ရာအရ ဖြစ်နိုင်ချေ ရှိ၊ မရှိ၊ ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မှု သုံးသပ်တွက်ချက်ဖို့နဲ့ ဆိပ်ကမ်း တစ်ခုတည်ဆောက်ရန် ကုန်ကျစရိတ်များပြားလွန်းတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်ပြီး ဆောင်ရွက်ရတာဖြစ်လို့ လတ်တလောအခြေအနေမှာ အစီအစဉ်မရှိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆိပ်ကမ်းတွေအနေနဲ့ ဧရာဝတီမြစ်၌ မြင်းမူ၊ စစ်ကိုင်း၊ မင်းကွန်း၊ မောင်းကုန်း၊ ထီးချိုင့်နှင့် ကသာ စတဲ့ ဆိပ်ကမ်း ၆ ခုရှိကြောင်းနှင့် ချင်းတွင်းမြစ်မှာ မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ခန္တီး စတဲ့ ဆိပ်ကမ်း ၈ ခုတို့ရှိပြီး စုစုပေါင်း ၁၄ ခုရှိကြောင်း၊ အဆိုပါ ဆိပ်ကမ်းများ၌ ကမ်းပါးနေဧရိယာအတွင်း ရေယာဉ်များ ဆိုက်ကပ်နိုင်ဖို့အတွက် ဆိပ်ကမ်းမြေနေရာများကို ငှားရမ်းအသုံးပြုခြင်းများသာ ရှိတယ်လို့လည်း သိရပါတယ်။

ထို့ကြောင့် ဆိပ်ကမ်းမြေနေရာငှားရမ်းလိုတဲ့ လုပ်ငန်းရှင်တွေရဲ့ လျှောက်ထားမှုအပေါ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ ဥပဒေ၊ နည်းဥပဒေအရ စိစစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ဖြင့် ကျသင့်ငွေများအား အခွန်ပေးသွင်းပြီးတော့ ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိသလို ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဟုမ္မလင်းဆိပ်ကမ်း၌ ကမ်းပါးနေဧရိယာအတွင်း ရေယာဉ်များဆိုက်ကပ် ရပ်နားဖို့  ဆိပ်ကမ်းနေရာ ၁၅ နေရာမှာ လုပ်ငန်းဆောင်ရွက်ဖို့အတွက် တင်ပြလျှောက်ထားမှုတွေကို ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Photo – Internet

Your Ad Here
Ad Size: 336x280 px

More News