ပြည်တွင်းသံမဏိလိုအပ်ချက်ကို အထောက်အကူပြုနိုင်ရေးအတွက် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းပါ အလုပ်ရုံ ၂၂ ရုံအနက် အလုပ်ရုံ ၂၀ ရုံကို အောင်မြင်စွာ တပ်ဆင်စမ်းသပ် လည်ပတ်နိုင်ပြီဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ထို့အပြင် ကျန်ရှိသည့် စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) နှင့် သံရည်ကျိုအလုပ်ရုံ (Romelt Shop) တို့ကို အမြန်ဆုံးတပ်ဆင် လည်ပတ်ပြီး စက်ရုံတစ်ခုလုံး အပြီးသတ်လည်ပတ်ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
စွန့်ပစ်အပူသုံး ဓာတ်အားပေးအလုပ်ရုံ (HRPS) လည်ပတ်နိုင်ရေးအတွက် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport Co., Ltd. (TPE) မှ နိုင်ငံခြားသား ပညာရှင်များနှင့် စက်ရုံရှိ ဝန်ထမ်းများပူးပေါင်း၍ စက်ပစ္စည်းများအား စစ်ဆေးခြင်းနှင့် စက်တပ်ဆင်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို အောက်တိုဘာ ၃ ရက်နေ့က စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင် မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရပါတယ်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးမှ အမှတ်(၂) သံမဏိ စက်ရုံ (ပင်းပက်) စီမံကိန်းသည် နိုင်ငံတော်အတွက် များစွာအရေးပါသည့် စီမံကိန်းဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုဆောင်ရွက်လျက်ရှိ သည့် စွန့်ပစ်အပူသုံးဓာတ်အားပေး အလုပ်ရုံ(HRPS) တပ်ဆင်လည်ပတ်ပြီးပါက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်မျှော်မှန်း တွက်ချက်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ထားရန်လိုကြောင်း၊ စက်တပ်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ဇယားများအတိုင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန်ထားရှိရန် လိုအပ်ကြောင်း စသဖြင့် မှာကြားခဲ့ကြောင်း သိရပါတယ်။
စွန့်ပစ်အပူသုံးဓာတ်အားပေး အလုပ်ရုံ (HRPS) ၏ စက်တပ်ဆင် ခြင်းလုပ်ငန်းများ ပြီးစီး၍ လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၃၂ မဂ္ဂါဝပ် ကို စက်ရုံတွင် ပြန်လည်အသုံးပြု၍ ပိုလျှံသော လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။
Photo – MOI






