အယ်ဇိုင်းမားရောဂါမဖြစ်ခင် ဦးနှောက်သွေးလည်ပတ်မှုကောင်းမွန်စေပြီး ရောဂါကို ကြိုတင်တွန်းလှန်နိုင်မယ့် အံ့သြစရာ နည်းလမ်းအသစ်တစ်ခုကို အမေရိကန်ပြည်ထောင်စု မစ်ဆူရီ တက္ကသိုလ်မှ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သုတေသနတွေအရ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ APOE4 မျိုးရိုးဗီဇပါရှိသူတွေ ဟာ မှတ်ဉာဏ်ပြဿနာတွေ မဖြစ်လာခင် နှစ်ပေါင်းများစွာကတည်းက ဦးနှောက်ရဲ့အချို့နေရာမှာ သွေးစီးဆင်းမှု လျော့ကျလာတတ်ပြီးအဆိုပါ ပြဿနာကို ဖြေရှင်းဖို့အတွက် ကိုယ်အင်္ဂါ အစားထိုးကုသမှုနဲ့ အိုမင်းရင့်ရော်မှု ကို ဟန့်တားရာမှာအသုံးများတဲ့ Rapamycin ဆေးဝါးကို အသုံးပြုပြီး စမ်းသပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အသက် ၄၅ နှစ်ကနေ ၆၅ နှစ်ကြားရှိ ကျန်းမာရေးနဲ့ပြည့်စုံသူတွေကို ရက်သတ္တလေးပတ်ကြာ ဆေးပမာဏ အနည်းငယ်စီပေးပြီး စမ်းသပ်ခဲ့ရာမှာ APOE4 မျိုးဗီဇပါသူများရဲ့ ဦးနှောက်သွေးလည်ပတ်မှု သိသိသာသာ တိုးတက်လာတာကိုတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေမှာ ဦးနှောက်သွေးစီးဆင်းမှု ပိုမိုကောင်းမွန်လာတာကိုတွေ့ရတာကြောင့် ရောဂါဖြစ်ပွားနှုန်း များပြားတဲ့ အမျိုးသမီးတွေအတွက် ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်လာသလို ဒီလေ့လာမှု ဟာ အယ်ဇိုင်းမားရောဂါကို လက္ခဏာ မပေါ်လာခင် ကြိုတင်ကာကွယ်တားဆီးနိုင်မယ့် ဆေးပညာရဲ့ အရေးပါတဲ့အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်နေကြောင်း သိရပါတယ်။
Photo- MWD






