[latest_news_marquee]

အယ်လ်နီညိုအတွက် ရေပြင်ဆင်ထားမှု နောက်နှစ်နွေရာသီအထိ လုံလောက်စွာပေးနိုင်သည့် အခြေအနေရှိ ဟုဆို

ရန်ကုန်တွင် အယ်လ်နီညိုကြောင့် ရေအရင်းအမြစ်များလုံလောက်မှုရှိစေရန် ပြင်ဆင်ထားမှုအနေဖြင့် နောက်နှစ်နွေရာသီအထိ လုံလောက်စွာပေးနိုင်သည့် အခြေအနေရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးလင်းထွဋ်က အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ ပြောကြားထားပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်၌ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးဝေဖြိုးဟန်၏ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ မေးမြန်းချက်အပေါ် ဖြေကြားရာမှာ ၎င်းက အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့၏ ရေအရင်းအမြစ်များဖြစ်ကြသည့် ဂျိုးဖြူရေလှောင်ကန်နှင့် ဖူးကြီးရေလှောင်ကန် တို့တွင် ကန်ရေပြည့် ရေသိုလှောင်ထားပြီးဖြစ်သည့်အပြင် လှော်ကားရေလှောင်ကန် တွင်လည်း လုံလောက်သော ရေသိုလှောင်မှုရှိသဖြင့် ရန်ကုန်မြို့တော်အား ယခု ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ လာမည့်နွေရာသီ ၂၀၂၇ ခုနှစ် ဧပြီလကုန်အထိ ရေလုံလောက်စွာ ပေးဝေနိုင်သည့် အခြေအနေတွင်ရှိကြောင်း သူက ဆိုပါတယ်။

ထို့အတူ အရေးပေါ်ကာလ ရေအခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက်လည်း ရေဂါလန် ၂၅,၀၀၀ မှ ၂၀ သန်း ဆံ့အထိ ထပ်ဆင့်ရေကန်ကြီး ၄၇ ကန်ဖြင့် ရေစုဆောင်းထားရှိပါကြောင်း၊ မြို့နယ် ၁၁ ခုတွင် ရေအားပြည့် အဝီစိတွင်း စုစုပေါင်း ၁၁၂ တွင်းအား စီစဉ်ဆောင်ရွက်ထားပြီး ထိုအဝီစိတွင်းများမှ ရေပေးဝေနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး မီးစက်များ တစ်ပါတည်း စီစဉ်ထားရှိတယ်လို့လည်း သိရပါတယ်။

ထို့အပြင် မြေသားမိုးရေစုကန် ၆၉၇ ကန်အား တူးဖော်ခြင်း၊ ကန်ဆယ်ခြင်း ဆောင်ရွက်ထိန်းသိမ်းထားသည့် အပြင် ထိုမြေသား မိုးရေစုကန်များအနက် မှ ၃၀ ကန်အား ဆိုလာရေသန့်စင်စနစ် တပ်ဆင်ဆောင်ရွက် ထားရှိပါကြောင်းနှင့် အရေးပေါ်ရေဝေရေးစခန်း ၁၆ ခုအား ထားရှိပြီး ထိုစခန်းများမှတစ်ဆင့် သောက်သုံးရေ ဖြန့်ဝေပေးပို့နိုင်ရေး ရေသယ်ယာဉ် ၄၁ စီး စီစဉ်ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကျရောက်လာနိုင်သည့် အားအလွန်ကောင်းသော အယ်လ်နီညို (El Nino) ဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း စံချိန်တင် အပူလှိုင်းကျရောက်မှု၊ သောက်သုံးရေပြတ်လပ်မှုနှင့် အရေးပေါ် ကျန်းမာရေးဘေးအန္တရာယ် များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ရေအရင်းအမြစ်များဖြစ်သော လှော်ကားရေလှောင်ကန်၊ ဂျိုးဖြူရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန်၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)၊ လာဝါးမြိုင်ရေသန့်စင်စက်ရုံ ၃ ခု၊ ရန်ကုန်ပေါက် မြေအောက်ရေပေးဝေရေးစခန်း ၂ ခုမှ ရန်ကုန်မြို့နေ ပြည်သူလူထုအား နေ့စဉ် ရေဂါလန် ၂၄၄ သန်း ဖြန့်ဝေ လျက်ရှိတယ်လို့လည်း တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပြောကြားထားပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News