လာမည့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မည့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ အာဇာနည်ဗိမာန် နှင့် အတွင်းဝန်ရုံးတို့သို့ လာရောက်ကြမည့် မိဘပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန် မေတ္တာရပ်ခံပန်ကြားချက်များကို နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်များအရ ၎င်းနေရာများသို့ လာရောက်ကြမည့် သူများအနေဖြင့် ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗွီနိုင်းစ အမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုးအပြင် အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/သံပိုက်များ ယူဆောင်လာပါက ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း၊ လာရောက်သူများအားလုံးအနေဖြင့် နှာခေါင်းစည်း(Mask)များ မပျက်မကွက် စနစ်တကျတပ်ဆင်ကြရန်၊ သတ်မှတ်ပေးထားသည့် နေရာများတွင် စနစ်တကျလက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer များ သုတ်လိမ်းခြင်း တို့ကိုဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်၊ အထက်ပါ နေရာများ တည်ရှိရာ မြို့နယ်အလိုက် စစ်ဆေးမှုများတွင် ယူဆောင်ခွင့်မပြုသော ပစ္စည်း ၁၀ မျိုးစစ်ဆေးခြင်း၊ Body Search ပြုလုပ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့်အတူ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) ဝန်ထမ်းကတ်(သို့) ကျောင်းသားကတ်(သို့) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား ယူဆောင် လာပါရန်တို့ပါရှိပါတယ်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/ Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက် အကွာအဝေးများကို (၆)ပေ အကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်၊ ကိုယ်အပူချိန်မြင့်ခြင်း(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ သက်ကြီးရွယ်အိုများ နာတာရှည်ရောဂါ ရှိသူများအနေဖြင့် လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုကြရန်နှင့် သက်ဆိုင်ရာနေရာများတွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ ပါရှိပါတယ်။
ဒီအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ် ၁၉ ဆိုင်ရာ ကျန်းမာရေး အသိပေးချက်၊ သတိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် အာဇာနည်ဗိမာန်တွင်လည်း အစုလိုက်အပြုံလိုက် အလေးပြုသည့်အချိန်အား ၁၀ မိနစ်ထက် ပိုမကြာစေရန် စသဖြင့် မေတ္တာရပ်ခံပန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
Photo – MOI






