[latest_news_marquee]

အာဇာနည်နေ့အခမ်းအနားကျင်းပရန် ရန်ကုန်မြို့တွင်း လမ်းတချို့ ခေတ္တပိတ်မည်

အာဇာနည်နေ့အခမ်းအနားကျင်းပရန် ရန်ကုန်မြို့တွင်း လမ်းတချို့ကို ခေတ္တပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

အဆိုပါ အသိပေးနှိုးဆော်ချက်အရ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီအချိန်မှ အခမ်းအနားပြီးစီးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ – ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ – ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် ဇူလိုင် ၁၉ ရက်နေ့ နံနက် ၅ နာရီ အချိန်မှ ညနေ ၆ နာရီအချိန်အထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရား လမ်းဆုံနှင့် စောမဟာလမ်းဆုံမှ လည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ထပ်မံ၍ အတွင်းဝန်ရုံးတွင် အလံတင်အခမ်းအနားကျင်းပမည့် ဇူလိုင် ၁၉ ရက်နေ့ နံနက် ၅ နာရီအချိန်မှ ညနေ ၆ နာရီ အချိန်အထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံထိလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်း လမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ကြောင့် ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနားကျင်းပစဉ် လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်နေသည့်အချိန်များတွင် အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွားလာကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြိုတင်အသိပေး နှိုးဆော်ထားကြောင်း သိရပါတယ်။


Photo – MRTV


Your Ad Here
Ad Size: 336x280 px

More News