[latest_news_marquee]

အာရှ အားကစားပြိုင်ပွဲရဲ့ Esports Mobile Legends (MLBB) ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု Esports ဇနကအသင်း (Team Zanaka) ရွှေတံဆိပ်ဆု ဆွတ်ခူး 

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အာရှ အားကစားပြိုင်ပွဲ Esports Mobile Legends (MLBB) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဇနကအသင်း(Team Zanaka)က ပြိုင်ဘက် အင်ဒိုနီးရှားအသင်းကို ရှုံးပွဲမရှိ ၄-၀ နဲ့ အပြတ်အသတ်နိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။

ယခုမြန်မာနိုင်ငံမှ MLBB Esports Team Zanaka အသင်း ရရှိခဲ့သည့် ရွှေတံဆိပ်ဆုဟာ Esports သမိုင်းတစ်လျှောက် အာရှ အဆင့်တွင် ပထမဦးဆုံးရရှိခဲ့သည့် သမိုင်းဝင်ပထမဆုံးရွှေတံဆိပ်ဖြစ်တယ်လို့ လည်း သိရပါတယ်။

Team Zanaka အဖြစ် ဝင်ရောက်ယှဉ်ခဲ့တဲ့ Yangon Galaticos MLBB အသင်းကလည်း “အာရှစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ကျွန်တော်တို့ YG MLBB (Team Zanaka) အနေနဲ့ Asian Games 2026 ရဲ့ ခက်ခဲတဲ့ ပြိုင်ဘက်နိုင်ငံတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး မြန်မာနိုင်ငံအတွက် Champion title နဲ့အတူ ရွှေတံဆိပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး သမိုင်းသစ်တစ်ခုကို စတင်ရေးထိုးနိုင်ခဲ့ပါပြီ။ နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ရင်း ပွဲတိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ အစွမ်းကုန် စိန်ခေါ်ဖြတ်ကျော်ခဲ့ကြတဲ့ အသင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ ကြိုးစားမှုအတွက်လည်း အတိုင်းမသိ ဂုဏ်ယူမိပါတယ်”လို့လည်း ၎င်းတို့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

မြန်မာ Esports အသင်းဟာ အုပ်စု ပတ်လည်အဆင့် ပွဲစဉ်များတွင် ကာဇက်စတန်အသင်းနှင့် တရုတ်(ဟောင်ကောင်) အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ပွဲပြတ်စီ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သလို ကမ္ဘောဒီးယားအသင်းနှင့် ထပ်မံယှဉ်ပြိုင်ခဲ့ရာ မြန်မာ Esports အသင်းက ကမ္ဘောဒီးယားအသင်းကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းသည် အုပ်စုအဆင့် နှင့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များကို အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရယူကျော်ဖြတ်ခဲ့ကာ အကြို ဗိုလ်လုပွဲအဆင့်တွင် မလေးရှားအသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သဖြင့် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက် မြန်မာ Esports အသင်းသည် ဗိုလ်လုပွဲစဉ်အား Best of Seven ပွဲစဉ်စနစ်ဖြင့်ယှဉ်ပြိုင် ရာတွင် လေးပွဲအနိုင်ရရှိသည့်အသင်းက ပထမဆုကို ရရှိမည်ဖြစ်ရာ မြန်မာအသင်းဟာ အင်ဒိုနီးရှား အသင်းအား အကောင်းဆုံးလက်စွမ်းဖြင့် Game 1 မှ 4 အထိ ရှုံးပွဲမရှိဘဲ ၄ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွေတံဆိပ်ဆုကို ထိုက်တန်စွာရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 

Photo – YG

Your Ad Here
Ad Size: 336x280 px

More News