အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အားကစားဆိုင်ရာအဆောက်အဦ (၂၀)လုံးအား ဖျက်သိမ်းရန်အတွက် အိတ်ပိတ်တင်ဒါခေါ်ယူ ထားပါတယ်။
အဆိုပါ တင်ဒါအရ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းရှိ လက်ရှိအသုံးပြုလျက်ရှိသော အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများအပါအဝင် ပျက်စီးယိုယွင်းလျက်ရှိသည့် ပွဲကြည့်စင်များ၊ အဆောက်အဦဟောင်းများနှင့် အားကစားဆိုင်ရာအဆောက်အဦ (၂၀) လုံးတို့အား စနစ်တကျ ဖျက်သိမ်းရန်အတွက် Lot-(၃)ခုခွဲ၍ လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် အိတ်ပိတ်တင်ဒါတင်သွင်းနိုင်ကြောင်း အသိပေးကြေညာထားပြီး လျှောက်လွှာများကိုလည်း ဇူလိုင် ၃ ရက်နေ့မှစ၍ ၁၇ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ဝယ်ယူပြီး တင်ဒါဖောင်များကို ဇူလိုင် ၁၇ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏအားကစားကွင်း/အားကစားရုံဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီးသို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။
တင်ဒါဖွင့်ဖောက်မည့် နေ့ရက်၊ အချိန်နှင့် နေရာအား ထပ်မံကြေညာသွားပေးသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ အားကစားကွင်း/အားကစားရုံဌာနခွဲ (ရန်ကုန်)ရုံးခန်းသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။
Photo – MOI / Internet






