[latest_news_marquee]

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားမှု နောက်ထပ် ရက် ၉၀ သက်တမ်းတိုး

နိုင်ငံတော်သမ္မတရုံးမှ အရေးပေါ်အခြေအနေကြေညာသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း နှင့်  အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များအတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားမှု နောက်ထပ် ရက် ၉၀ အထိ ဆက်လက်ထုတ်ပြန်ကြောင်း ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၃/၂၀၂၆) အရ  ၂၀၂၆ခုနှစ် ဧပြီ ၂၃ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည့် အမိန့်အမှတ် ၁/ ၂၀၂၆ တွင် ပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့နယ်များအနက် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည် ရောက်ရှိခဲ့သည့် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှအပ ကျန် မြို့နယ်များအတွက် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့)၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ)အရ ကြေညာခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၁ ရက်မှစ၍ ရက်ပေါင်း(၉၀)အထိ ဆက်လက်အတည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ထို့အပြင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၄/၂၀၂၆)ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်၌လည်း ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၃/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များ၌ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ယင်း လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေနိုင်ပြီး ယခု အမိန့်ကိုလည်း ဇူလိုင် ၂၁ ရက်မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော ဥပဒေကဲ့သို့အာဏာတည်သောအမိန့်နှင့် ပတ်သက်၍ ဇူလိုင် ၂၁ ရက်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့၌ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး စစ်အုပ်ချုပ်ရေးသည် နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ယာယီအသုံးပြုရသည့် အရေးပေါ်ဥပဒေဆိုင်ရာ အစီအမံဖြစ်သော်လည်း အန္တိမရည်မှန်းချက်သည် အရပ်ဘက်အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ပုံမှန်လူမှုစီးပွားဘဝကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ပေးနိုင်ရေးဖြစ်ပြီး ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးမှ ချန်လှပ်ပေးထားခြင်းကို ထောက်ခံကြောင်းနှင့် ကျန်မြို့နယ်များတွင်လည်း တည်ငြိမ်ရေး ပြန်လည်ရရှိသည်နှင့်တစ်ပြိုင်တည်း စစ်အုပ်ချုပ်ရေးကို အမြန်ဆုံးရုပ်သိမ်း၍ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ ပြန်လည်ကူးပြောင်းနိုင်ရေးကို အလေးထားဆောင်ရွက်ပေးပါရန်လည်း ဆွေးနွေးခဲ့ကြပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News