“Focusing on the New International Land-Sea Trade Corridor, Shaping a New Blueprint for Thriving by the Sea” ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ် ပြည်ပမီဒီယာများ၏ ကွမ်ရှီးလေ့လာရေးခရီးစဉ်ကို ယခု စက်တင်ဘာ ၁ ရက်နေ့က ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ ဖွင့်လှစ်ခဲ့ပါတယ်။

အာဆီယံနိုင်ငံများ နှင့်အတူ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင် နှင့် မကာအို အထူး အုပ်ချုပ် ခွင့်ရဒေသတို့မှ မီဒီယာအဖွဲ့အစည်း ၂၆ ခု နှင့် နိုင်ငံတကာမှ အွန်လိုင်းအကြောင်းအရာဖန်တီးသူ (Content Creator) စုစုပေါင်း ၃၄ ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ကွမ်ရှီးပြည်နယ်၏ ပကတိ ဖွံ့ဖြိုးတိုးတက်မှုများကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လေ့လာရန်၊ ကွမ်းရှီးပြည်နယ် မြစ်-ပင်လယ်တိုက်ရိုက်ချိတ်ဆက်ပေးမည့် Pinglu တူးမြောင်း၏ အရေးပါမှု နှင့် တရုတ်-အာဆီယံကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မှတ်တမ်းတင်လေ့လာရန် ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

ကွမ်ရှီးပြည်နယ်သည် တရုတ်နိုင်ငံ၏ အာဆီယံ နှင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှေ့တန်း တံခါးပေါက် ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor ) ၏ ပင်မစီမံကိန်း ဖြစ်သော Pinglu တူးမြောင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး မြစ်-ပင်လယ် တိုက်ရိုက် ချိတ်ဆက်မှုကို အကောင်အထည်ဖော်ဆောင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ယခုတွင် တည်ဆောက်ရေးလုပ်ငန်းနှင့် စမ်းသပ် အသုံးပြုမှုကာလ၏ လုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်ကာ ယခုနှစ် စက်တင်ဘာလတွင် တရားဝင် စတင်ဖွင့်လှစ်ရန် လျာထားပြီး ကုန်စည် သင်္ဘောများ စီးဆင်းပို့ဆောင်ရေး ဝန်ဆောင်မှုများကို စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရပါတယ်။

အလျား ၁၃၄ ဒသမ ၂ ကီလိုမီတာ ရှည်လျားသော အဆိုပါတူးမြောင်းသည် မြောက်ဘက်တွင် Xijiang မြစ်၏ ပင်မရေလမ်းကြောင်းနှင့် ဆက်သွယ်ထားပြီး တောင်ဘက်တွင် Beibu ပင်လယ်ကွေ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ဆက်သွယ်ထားကြောင်း၊ Pinglu တူးမြောင်း စတင်လည်ပတ်ပါက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မှ ကုန်စည်များ တင်ပို့ရာတွင် ပင်လယ်သို့ ပိုမိုလျင်မြန်လွယ်ကူစွာ ပို့ဆောင်နိုင်ကာ ကွမ်ကျိုးဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်သည့် ရေကြောင်းလမ်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းရေလမ်းအကွာအဝေးကို ကီလိုမီတာ ၅၆၀ ခန့် လျှော့ချပေးနိုင်မည်ဖြစ်သည့်အပြင် စုစုပေါင်းကုန်စည်ပို့ဆောင်ရေးစရိတ်၏ ၂၀ ရာခိုင်နှုန်းခန့်ကို သက်သာ စေမည်ဖြစ်ကြောင်း သိရပါတယ်။ တချိန်တည်းမှာ တရုတ်-အာဆီယံကုန်သွယ်ရေးအတွက် “ရေကြောင်း အမြန် လမ်းမကြီး”ကို ထိရောက်စွာ ဖန်တီးပေးမည်ဖြစ်ရာ တရုတ် နှင့် အာဆီယံဒေသများအကြား ပိုမို လျန်မြန်သော အပြန်အလှန် ကုန်စည်စီးဆင်းမှုကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး ဒေသထုတ်ကုန်များ နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်စီးဆင်းမှုကိုလည်း ပိုမို အကျိုးရှိစွာ ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

ကွမ်ရှီးဒေသသည် ရေမြေတောတောင် အလှအပများနဲ့ သဘာဝဆွဲဆောင်မှု၊ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတို့၏ ယဉ်ကျေးမှုများနှင့် သက်ဝင်လှုပ်ရှားမှု၊ ကုန်းတွင်းဒေသအရင်းအမြစ် နှင့် ကုန်ထုတ်စက်မှုစွမ်းအင်လုပ်ငန်းများ ကြွယ်ဝခြင်း၊ ဉာဏ်ရည်တု AI နည်းပညာများ တီထွင်ဖန်တီးနိုင်ခြင်း စတဲ့ စွမ်းအားပြည့်နှက်နေသော ဒေသတစ်ခု ဖြစ်ကြောင်း၊ ယခု Pinglu တူးမြောင်းကို စတင်ဖွင့်လှစ်ခြင်းသည် ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပခြင်း နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးများကျင်းပမည့် ကာလနဲ့ တိုက်ဆိုင်နေကြောင်း၊ ယခုလို အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေး စင်္ကြံသစ်၏ ပင်မစီမံကိန်းနှင့် အဓိက ကုန်သွယ်ရေးပလက်ဖောင်း တို့အကြား “ဒွန်တွဲစွမ်းအား”သည် တရုတ်-အာဆီယံ ဘက်စုံ စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်နှင့် အခွင့်အလမ်းသစ်များ တိုးမြှင့်နိုင်မည် ဖြစ်ပါကြောင်း တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ ပြန်ကြားရေးဌာန အရာရှိ Huang Pinliang က ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် Beibu ပင်လယ်ကွေ့ဆိပ်ကမ်းသည် ကွန်တိန်နာသင်္ဘောလိုင်း ၁၀၃ လိုင်း မောင်းနှင်ပြေးဆွဲလျက် ရှိပြီး ယင်းအနက် ၅၀ လိုင်းမှာ အာဆီယံနိုင်ငံများသို့ ပြေးဆွဲနေပါကြောင်း၊ ယခုလို Binglu တူးမြောင်း စီမံကိန်းကြီးကို ဖော်ဆောင်ရာတွင် သင်္ဘော၊ ကုန်စည် စသည်ဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး တူးမြောင်းဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် “တူးမြောင်းတွင် ရေရှိမည်၊ ရေပြင်တွင် သင်္ဘောများရှိမည်၊ သင်္ဘောပေါ်တွင် ကုန်စည်များရှိမည်ဖြစ်ပြီး ကုန်စည်များသည် စားသုံးသူများရှိရာနေရာဒေသများသို့ လျင်မြန်ချောမွေ့စွာ ရောက်ရှိမည်” ဟု တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီး Beibu ပင်လယ်ကွေ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအုပ်စု ကော်မတီ၏ ဒုတိယ အတွင်းရေးမှူး Chen Dingsong က ပြောကြားခဲ့ပါတယ်။

အဆိုပါ လေ့လာရေးအဖွဲ့သည် နန်နင်းမြို့ရှိ China Railway Nanning Bureau Group ၏ မြန်နှုန်းမြင့်ရထား လေ့ကျင့်မောင်းနှင်မှု သရုပ်ပြစင်တာ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ ပြုလုပ်ကျင်းပသော CAEXPO Permanent Exhibition Hall၊ တရုတ်-အာဆီယံ ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်မှုစင်တာ နှင့် နန်နင်းဆိပ်ကမ်း အစရှိသည့် နေရာများသို့ သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။
ထို့နောက် ချင်းကျိုးမြို့ရှိ လက်ရှိ တည်ဆောက်ဆဲဖြစ်သော ကမ္ဘာ့အကြီးဆုံး ကုန်းတွင်း ရေခြိုးခြံသုံး သင်္ဘော ဝင်ထွက်ပေါက် (Ship lock) နှင့် ကမ္ဘာ့အမြန်ဆုံး ရေတံခါး ဖွင့်/ပိတ်စနစ် ပါရှိသည့် Madao ဗဟိုဆုံမှတ်၊ Pinglu တူးမြောင်း၏ မြစ်ကြောင်းနှင့် ပင်လယ်ရေကြောင်းသို့ ချိတ်ဆက်ပေးသည့် အဓိကဆုံမှတ်ဖြစ်သော Qingnian ဗဟိုဆုံမှတ် နှင့် Beibu ပင်လယ်ကွေ့ ဆိပ်ကမ်းရှိ ချင်းကျိုး အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်း သို့ သွားရောက်ကြမှာ ဖြစ်ပါတယ်။ ထို့ပြင် “Dialogue with the World: Chinese and Foreign Youth Discuss Opportunities in the Canal Era” ခေါင်းစဉ်ဖြင့် ကျင်းပမည့် ဆွေးနွေးပွဲသို့ ပါဝင်ကြမည်ဖြစ်ပြီး Longmen တံတားသို့ လှည့်လည်ကြည့်ရှုခြင်းနှင့် ဒီရေတော ပင်လယ်ပြင်သိပ္ပံပညာပေးစခန်းသို့ သွားရောက်ကာ ပင်လယ် ရေကြောင်း အခြေပြု ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂေဟစနစ်ထိန်းသိမ်းရေး တို့ကို ဟန်ချက်ညီညီ လုပ်ဆောင်နေမှု လုပ်ငန်းစဉ်များကိုလည်း သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။
Photo – CNS






