[latest_news_marquee]

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၄ သန်း အထိတင်ပို့နိုင်ရန် လျာထား

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၄ သန်း အထိ တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းပင် ပြည်ပသို့ ပြောင်းတန်ချိန်တိုးမြှင့်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော် ရရှိနိုင်ရေးကိုပါ လျာထားဆောင်ရွက်နေတာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာလည်း ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၃ သိန်းခွဲကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၇ သန်းကျော်ရရှိခဲ့ရာ ဇွန်လအတွက် သတ်မှတ်ထားသည့် ပို့ကုန်လျာထားချက်ကို ပြည့်မီကျော်လွန်ခဲ့ကြောင်း၊ ၎င်းရလဒ်သည် ယခု ဘဏ္ဍာနှစ်အတွင်း ပြောင်းတင်ပို့မှုတိုးတက်ရေးအတွက် အားကောင်းသည့် အခြေအနေတစ်ရပ် ဖြစ်ကြောင်းလည်း သိရပါတယ်။

ဆက်လက်၍လည်း ယခု ဇူလိုင်လအတွက် ပြောင်းတန်ချိန် တစ်သိန်းကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်ရရှိရန် လျာထားကြောင်း၊ ထို့အပြင် အဆိုပါ လျာထားချက်ထက် နှစ်ဆအထိ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြောင်းပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရပါတယ်။

မြန်မာ့ပြောင်းကို လက်ရှိတွင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိပြီး အိန္ဒိယနိုင်ငံကလည်း ပြည်တွင်း လိုအပ်ချက်အပေါ် မူတည်ကာ ဝယ်ယူတင်သွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်ပဈေးကွက်များတွင် မြန်မာ့ပြောင်းအတွက် ဝယ်လိုအား ဆက်လက်တည်ရှိနေကြောင်း သိရပါတယ်။

ထို့အပြင် ထိုင်းနိုင်ငံ၏ မူဝါဒအရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ်လကုန်အထိ မြန်မာ့ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားတယ်လို့ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News