ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်များအတွင်းရှိ စပါးစိုက်ဧက ၁ သိန်းကို ဂြိုဟ်တုထောက်လှမ်းစနစ်ဖြင့် စိစစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။
အဆိုပါစနစ်ကို အကောင်အထည်ဖော်ရန် ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ပပို့ကုန် ဆန်းစပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းမှ တောင်သူလယ်သမား ခေါင်းဆောင်တွေ၊ ကုမ္ပဏီတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်တို့က တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ပြည်ပပို့ကုန် REZ ဇုန်တွေကို ကောင်းကင်ဂြိုဟ်တု Satellite အသုံးပြုပြီး စိုက်ပျိုးမှုအခြေအနေ၊ အပင်အခြေအနေ၊ ရိတ်သိမ်းမှုအခြေအနေတွေ စိစစ်ရန် ဧက ၁ သိန်း စတင်ဆောင်ရွက်မယ့် အစီအစဉ်ကို Satellite-Based Monitoring Service for Rice Export Zone Project Consortium အဖွဲ့ကပါ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

ပြည်တွင်းမှာ ဆန်စပါးစိုက်ပျိုးရေးဇုန်တွေကို နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ဧက ၃ သိန်းကျော် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ ကုမ္ပဏီတွေက တစ်ဧကကို စိုက်စရိတ် ကျပ်နှစ်သိန်း ထုတ်ပေးမှု အခြေအနေ၊ တောင်သူလယ်သမားများ ပူးပေါင်းဆောင်ရွက်ရမည့် အစီအမံများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တွေ၊ ဇုန်တွေ အကောင်အထည်ဖော်ဆောင်ရာမှာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ တစ်ဧကကို ကျပ်နှစ်သိန်းခွဲ ထုတ်ပေးနိုင်ဖို့ဆောင်ရွက်မှု၊ တောင်သူလယ်သမားတွေကို နည်းပညာတွေ ဖြန့်ဝေပေးမှု၊ စာချုပ် ချုပ်ဆိုမှုနဲ့ ငွေထုတ်ယူရာမှာ ပိုမိုမြန်ဆန်လွယ်ကူစေဖို့ ဆောင်ရွက်နိုင်မယ့်အစီအစဉ်တွေကိုပါ ရှင်းလင်းဆွေးနွေးခဲ့ ကြကြောင်း သိရပါတယ်။
ဆန်စပါးစိုက်ပျိုးရေးဇုန်စီမံကိန်းများကို ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချတဲ့ Export Value Chain ဖွံ့ဖြိုးရေး၊ ဆန်စပါးကဏ္ဍ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ထုတ်လုပ်မှုတိုးတက်စေရေး စတဲ့ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်နေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Photos – MRF/MOI






