မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကော်မရှင်၏ (၅/၂၀၂၆)ကြိမ်မြောက်အစည်းအဝေးဖြင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၄ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါအစည်းအဝေးကို ဩဂုတ် ၁၆ ရက်နေ့က နေပြည်တော်၌ ကျင်းခဲ့ပြီး အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂ ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကိုလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂ ခုကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၃ ခုကိုလည်းကောင်း၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁ ခုကိုလည်းကောင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်းနှင့် ကျပ် ၁,၁၇၈,၇၃၁ ဒသမ ၉၂၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၃၃၆ နေရာကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အစည်းအဝေးက ခွင့်ပြုပေးသည့်လုပ်ငန်းများမှာ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်တည်ဆောက်ရောင်းချငှားရမ်းခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် ကုန်တင်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ထော်လာဂျီယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ပလတ်စတစ်ပြားနှင့် ပလတ်စတစ်ဘူးခွံအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံနှင့် ဒေသပေါင်း ၄၈ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံနှင့် ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင်ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင်လည်း စုစုပေါင်းရင်းနှီးမြုပ်နှံမှု၏ ၂၀ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြုပ်နှံမှု၏ ၁၅ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြုပ်နှံထားကြောင်း သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှု, အလုပ်အကိုင်အခွင့်အလမ်း, DICA,
Photo – MOI






