မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၇ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ စခန်းမှ ယခု စက်တင်ဘာလ ၁ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ သွင်းကုန်/ပို့ကုန် ယာဉ်အစီးရေ ၆၁ စီး၊ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၇ သန်း ကုန်သွယ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူလျင်မြန် ချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိရေးအတွက် ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်က စတင်ဖွင့်လှစ်၍ ကုန်စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစခန်းအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စခန်းဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများပါဝင်သည့်အဖွဲ့ မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေး OSS အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ကုန်ပစ္စည်းစီးဆင်းမှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး၊ ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဒေသတွင်း စားသောက်ကုန်ပြတ်လတ်မှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းလည်း သိရပါတယ်။
Photo – ကချင်ပြည်နယ်အစိုးရအဖွဲ့






