[latest_news_marquee]

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ  MOFCOM ပညာသင်ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန (MOFCOM) မှ ပေးအပ်သည့် ပညာသင်ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၂၅ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် ပညာသင်ဆုရရှိသူ ၇၃ ဦးရှိခဲ့တယ် လို့ ယင်းအခမ်းအနားမှ သိရပါတယ်။

အဆို အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ Mr.Shen Dan ၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးသံမှူး Mr. Ouyang Daobing ၊ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ MOFCOM ပညာသင်ဆုဖြင့် ဘွဲ့လွန်သင်တန်းများ တက် ရောက်အောင်မြင်ပြီးဖြစ်သည့် အရာထမ်း၊ အမှူထမ်းများနှင့် ပညာသင်ဆုရရှိကြတဲ့ အရာထမ်း၊ အမှုထမ်းများ၊ အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ” နို်ငငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအား အရင်းအမြစ်ဟာ စဉ်ဆက်မပြတ် ပြုစုပျိုးထောင်သွားရမယ့် အရေးပါဆုံး အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ပညာသင်ဆုများ အစဉ်တစိုက်ပေးအပ် လျက်ရှိတဲ့ တရုတ်နိုင်ငံ MOFCOM ရုံးမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်းနှင့် ပညာသင် သွားရောက်မယ့် အရာထမ်း၊ အမှုထမ်းများအနေနဲ့ ပညာသင်ကာလ ပြီးဆုံးလို့ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အခါ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာနေရာကနေ ကြိုးစားပြီး တာဝန်ထမ်းဆောင်ကြဖို့၊ စွမ်း ဆောင်ရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များဖြစ်လာအောင် ကြိုးစားအားထုတ်ကြဖို့နဲ့ စဉ်ဆက်မပြတ်လေ့ လာသင်ယူနေကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးယာယီတာဝန်ခံ Shen Dan က”သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ကိုယ်စားတရုတ်နိုင်ငံသို့ သွားရောက်၍ ပညာဆက်လက်သင်ယူကြမည့် ပညာသင်ဆုရရှိသူ ၇၃ ဦးအား ရင်းနှီးလေးစားစွာ ဂုဏ်ပြုဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ မိမိတို့၏ ခိုင်မာသော ပညာရပ်ဆိုင်ရာ ဗဟုသုတများနှင့် ထူးချွန်ကောင်းမွန်သော အရည်အချင်းများကို အခြေခံ၍ အဆင့်ဆင့် ရွေးချယ်မှုများမှ ထူးချွန်စွာ ရွေးချယ်ခံခဲ့ရကြပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်မည့် မျိုးဆက်သစ်အင်အားစုများ ဖြစ်လာကြပါတယ်။ ဤဂုဏ်ထူးဆောင်မှုသည် မိမိတို့အား ယခင်ကာလများတွင် ကြိုးပမ်းအားထုတ်ခဲ့မှု၊ မဆုတ်မနစ် လေ့လာဆည်းပူးခဲ့မှုများအတွက် အသိအမှတ်ဂုဏ်ပြုခြင်းသာမက အနာဂတ်တွင် မိမိတို့ထမ်းဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၏ ပေါင်းကူးတံတားနှင့် ဆက်သွယ်ပေးသည့် အခန်းကဏ္ဍကို ထမ်းဆောင်ကြရန် မျှော်လင့်အားထားပါတယ်။ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ အသိပညာများကို ကောင်းမွန်စွာ သင်ယူရုံသာမက တရုတ်နိုင်ငံအကြောင်းကိုလည်း နက်နက်ရှိုင်းရှိုင်း လေ့လာနားလည်ကြပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှု၏ “လူငယ်သံတမန်များ” အဖြစ် ကောင်းမွန်စွာ ဆောင်ရွက်ကြရန် မျှော်လင့်ပါတယ်။တစ်ချိန်တည်းမှာပင် ပညာသင်ကြားပြီးမြောက်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည့်အခါ သင်ယူလေ့လာခဲ့သမျှ အသိပညာနှင့် အတွေးအမြင်များကို မြန်မာနိုင်ငံတည်ဆောက်ရေးနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး၌ လက်တွေ့လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၆ ခုနှစ်တွင် တရုတ်သံရုံးအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ ပညာသင်ဆုလျှောက်ထားသူ ၁၂၉ ဦးကို အမည်စာရင်း တင်သွင်းပေးခဲ့ပြီး  နောက်ဆုံးတွင် ၇၃ ဦး အောင်မြင်စွာ ပညာသင်ဆုကို ရယူခဲ့သလို ဆုရရှိသူ အရေအတွက်သည် ရာဇဝင်တစ်လျှောက်တွင် အများဆုံးဖြစ်ပြီး အာရှတွင် အဆင့် (၁) နှင့် ကမ္ဘာတစ်ဝန်းတွင် အဆင့် (၇) ရရှိခဲ့ပြီး၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံMOFCOM ပညာသင်ဆု အစီအစဉ်ကို မြန်မာနိုင်ငံ၌ စတင် အကောင်အထည်ဖော်ခဲ့သည့်အချိန်မှစ၍ အဆိုပါအစီအစဉ်တွင် ပါဝင်သူအရေအတွက်သည် နှစ်စဉ်တိုးမြင့် လာခဲ့ကာ ယနေ့အထိ မြန်မာနိုင်ငံအတွက် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရပညာရှင် စုစုပေါင်း ၅၀၀ ခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

 ဤကိန်းဂဏန်းသည် ရရှိခဲ့သည့် အောင်မြင်မှုမှတ်တမ်းတစ်ရပ်သာမက လေးနက်ခိုင်မာသော ယုံကြည်မှုနှင့် မျှော်လင့်ချက်များကိုလည်း ကိုယ်စားပြုပါသည်။ ၎င်းသည် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုသည် လူ့စွမ်းအားအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် ပိုမိုဖွံ့ဖြိုးစည်ပင်လာနေမှုကို သက်သေပြနေသကဲ့သို့ နှစ်နိုင်ငံ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်သည်လည်း ပိုမိုနက်ရှိုင်း၍ လက်တွေ့ကျကျ အကောင်အထည်ဖော်လာနေမှုကို ထင်ဟပ်ဖော်ပြနေတယ်လို့လည်း သူက ဆိုခဲ့ ပါတယ်။

၎င်းက ဆက်လက်ပြီး “မကြာမီ လျှောက်လှမ်းကြရမည့် ပညာသင်ယူရေး ခရီးလမ်းသည် မျှော်လင့်ချက်များနှင့် အိပ်မက်များကို ထမ်းပိုးထားသည့် ခရီးလမ်းတစ်ခု ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက “လူတစ်ဦးအား ငါးတစ်ကောင်ပေးခြင်းထက် ငါးဖမ်းနည်းကို သင်ကြားပေးခြင်းက ပိုကောင်းသည်” ဟူသော တရုတ်ဆိုရိုးစကား တစ်ရပ်ရှိခဲ့ တရုတ်-မြန်မာ လူ့စွမ်းအားအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုသည် မဟာဘွဲ့၊ ပါရဂူဘွဲ့ စသည့် အဆင့်မြင့်ပညာရပ်ဆိုင်ရာ ဘွဲ့ရလူ့စွမ်းအားများ ပညာရှင်များ အဓိကမွေးထုတ်ပေးခြင်းမဟုတ်ဘဲ နိုင်ငံခြားအကူအညီပေးရေးဆိုင်ရာ ပြုစုပျိုးထောင်သင်တန်းများ စီစဉ်ပေးခြင်းကဲ့သို့သော နည်းလမ်းများမှ တစ်ဆင့် မြန်မာနိုင်ငံအတွက် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ အများအပြားကိုလည်း လေ့ကျင့်မွေးထုတ် ပေးလျက်ရှိပါတယ်”လို့လည်း ပြောကြားခဲ့ပါတယ်။

ထို့အတူ ယခုနှစ်တွင် မြန်မာနိုင်ငံမှ အစိုးရအရာရှိများနှင့် နည်းပညာကျွမ်းကျင်သူ ၅၅၀ ဦးသည် တရုတ်နိုင်ငံ ကျင်းပပြုလုပ်သည့်   လေ့ကျင့်မွမ်းမံရေး သင်တန်းများတွင် ပါဝင်တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်း များတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ လေကြောင်းနှင့် အာကာသနည်းပညာ၊ စိုက်ပျိုးရေး နည်းပညာ၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစသည့် နယ်ပယ်များစွာ ပါဝင်ကာ အဆိုပါ သင်တန်းအစီအစဉ်များသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အခိုင်အမာ အထောက်အကူပြုပေးမည့် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းတစ်ရပ်ကို ဖန်တီးပေးလျက်ရှိတယ်လို့ လည်း သိရပါတယ်။

ပညာသင်ဆုရရှိတဲ့ သင်တန်းသူတစ်ဦးကလည်း “၂၀၂၆ ခုနှစ်အတွက် MOFCOM ပညာသင်ဆုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ချွန်းမြို့ရှိ Northeast Normal University မှာ Master Program of Educational Management and Policy ကို တက်ရောက်ခွင့်ရရှိထားသော သင်တန်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ ယခုပညာသင်ဆုဟာ ကျွန်မတို့အတွက် ပညာသင် စရိတ်နဲ့ ပညာသင်ကြားခွင့်ကို ပေးအပ်တာထက် ပိုမိုအဓိပ္ပါယ်ရှိပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ပိုမိုတိုးတက်လာနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်သလို မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ သင်ယူကြပြီး အတွေးသစ်အမြင်သစ်များ ရရှိနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံမှာ ပညာသင်ကြားရင်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုများအပြင် မတူညီတဲ့ ယဉ်ကျေးမှု၊ လူနေမှုဘဝ၊ အတွေးအမြင်များကိုပါ လေ့လာသင်ယူခွင့်ရရှိမှာဖြစ်တာကြောင့် ကျွန်မတို့အတွက် အလွန်တန်ဖိုးရှိလှပါတယ်။ ကျွန်မတို့ ပညာသင်ဆုရရှိသူများဟာ ယခုရရှိထားသော အခွင့်အရေးကို တန်ဖိုးထားကာ အကောင်းဆုံး ကြိုးစားသင်ယူသွားမှာဖြစ်ပြီး ရရှိလာမယ့် အသိပညာများ၊ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများကို မိမိတို့လူမှုအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ ပြန်လည်အသုံးချသွားမှာဖြစ်သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို လက်ဆင့်ကမ်းထိန်းသိမ်းသွားမည် ဖြစ်ပါကြောင်း ကတိပြု လိုပါတယ်ရှင်”လို့ ပြောကြားခဲ့ပါတယ်။ ယနေ့အချိန်အထိ တရုတ်နိုင်ငံ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) အနေဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ပါရဂူဘွဲ့ ၆၂ ဦး မဟာဘွဲ့ ၃၆၁ ဦးအား ပညာသင်ဆု ပေးအပ်ခဲ့တာဖြစ်လို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမှာ များ စွာအထောက်အကူဖြစ်စေခဲ့တယ်လို့လည်း အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီးဌာနမှ သိရပါတယ်။

Photos- MFN

Your Ad Here
Ad Size: 336x280 px

More News