တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုန်ထုတ်လုပ်မှုများတိုးတက်ရေး တွန်းအားပေးဆောင်ရွက်နေပေမယ့် တိုးတက်မှု လိုအပ်နေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စီးပွားရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထိုက်သင့်သည့်တိုးတက်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန် အစာများကို စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ထွက်ကုန်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်သော်လည်း မွေးမြူရေးလုပ်ငန်းများတိုးတက်မှု အားနည်းနေဆဲဖြစ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်မှလည်း လိုအပ်သည့် ရင်းနှီးမတည်ချေးငွေများကို ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ရရှိမှသာလျှင် ပြည်တွင်းစားသုံးမှုကိုဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံမှုရရှိအောင်ဆောင်ရွက်ပြီးပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် ဈေးကွက် လိုအပ်ချက်ကြီးမားသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ အများအပြားရှိပြီးဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်တင်ပို့နိုင်ရေး စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စသဖြင့် ၎င်းက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။
၎င်း အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။
Photo – MWD






