မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ကြီး၏(၁၄၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လှေအသင်း (၃၁) သင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သိရပါတယ်။
ပွဲတော်ကို စက်တင်ဘာလ ၁၉ ရက်မှ ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ကာ ယင်းနေ့တွင်ပင် လှေပြိုင်ပွဲကိုပါ တစ်ပါတည်း ဖွင့်ပွဲကျင်းပ၍ လှော်ခတ်ပြသသွားမှာဖြစ်ကြောင်း၊ သို့သော် ပြိုင်ပွဲကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

“သမိုင်းဝင် ဖောင်တော်ဦးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်မှာ ထည့်သွင်းကျင်းပမည့် မြန်မာ့ရိုးရာ လောင်းလှေလှော်ပြိုင်ပွဲ များဟာဆိုရင် အမျိုးသားအကြီးတန်းပြိုင်ပွဲဝင် ၆ သင်း၊ အငယ်တန်းပြိုင်ပွဲဝင်အသင်း ၂၀ သင်းနှင့် အမျိုးသမီးအသင်း ၅ သင်း စုစုပေါင်း ၃၁ သင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” လို့ လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
လှေပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လှေလမ်းကြောင်းအမှတ်အသားတိုင်များ စိုက်ထူခြင်းနှင့် ပွဲကြည့်စင်များ ဆောက်လုပ်ခြင်းတို့အပြင် ပွဲတော်တွင် ခင်းကျင်းရောင်းချမည့်ဆိုင်ခန်းများ ဆောက်လုပ်ပြင်ဆင်ခြင်း၊ အပျော်စီးချားရဟတ်များ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Photos – MRTV






