နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုဒေသ၌ လူဦးရေအချိုးအစားအရ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား စက်တင်ဘာ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံရာတွင် ၎င်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဒီဂရီကောလိပ်၌ ဥပဒေနှင့် စီးပွားရေးဘာသာရပ်များအပါအဝင် သင့်လျော်သည့် ဘာသာရပ်များဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဆိုပါက ဒေသအတွက်များစွာ အကျိုးရှိမည်ဖြစ်၍ ပူတာအိုဒေသ၌ ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားဖို့ နိုင်ငံတော်သမ္မတမှ ပြောကြားခဲ့ပါတယ်။
ပညာရည်မြင့်မားရေးနှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်လျက်ရှိနေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအရေးကြီးသဖြင့် အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည် မြင့်မားရေးကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သလို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အနေဖြင့်လည်း အလေးထားအားပေးဆောင်ရွက်သွားကြဖို့ကိုလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။






