[latest_news_marquee]

အားကောင်းသောလေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ၊ အနီရောင်အဆင့် သတ်မှတ်ထားပြီး ရန်ကုန် သုံးခွမြို့မှ ဖြတ်ကျော်နိုင်

ကပ္ပလီပင်လယ်ပြင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်လို့ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လည် ၁ နာရီက ထုတ်ပြန်ထားပါတယ်။

မိုးဇလရဲ့ ထုတ်ပြန်ချက်၌ ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area) ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ မော်လမြိုင်မြို့ (Mawlamyine) ၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ သုံးခွမြို့ (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်၊ ပဲခူးမြို့ (Bago)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးမှ ဖြတ်ကျော် နိုင်သဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယင်း မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ပိုမို အားကောင်းလာကာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပြီး ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်‌ကျော်နိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၈ ရက် မွန်းလွဲမှ ၃၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမှာဖြစ်သလို ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် မိုးဇလမှ အသိပေးနှိုးဆော်ထားပါတယ်။

Photos- မိုးဇလ

Your Ad Here
Ad Size: 336x280 px

More News