မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းဒေသများနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ် (Depression)အဖြစ်သို့ ပိုမို အားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းထားပါတယ်။
အထက်ပါ လေဖိအားနည်း အခြေအနေကြောင့် ယနေ့နံနက်မှ ဩဂုတ် ၁၆ ရက်နေ့အတွင်း နိုင်ငံတစ်ဝှမ်း နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန် ၊ ပဲခူး ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့လည်း ယနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
မိုးဇလပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက “လာမယ့်ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းက ညောင်လေးပင်ခရိုင်၊ ပဲခူးခရိုင်၊ မွန်ပြည်နယ်အတွင်းက ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ရေးခရိုင်၊ ကရင်ပြည်နယ်အတွင်းက ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းက ထားဝယ်ခရိုင်၊ မြိတ်ခရိုင်တို့မှာ လက်ရှိရွာသွန်းနေတဲ့ မိုးရွာသွန်းနှုန်းထက် သုံးဆမှ လေးဆခန့် ပိုရွာနိုင်လို့ ရေကြီးရေလျှံ ဖြစ်ပေါ်လေ့ရှိတဲ့ နေရာတွေ၊ မြစ်ချောင်းတွေအနီးက ဒေသတွေ၊ တောင်အောက်ခြေဒေသတွေမှာ လျှပ်တပြက် ရေကြီးရေလျှံ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြီးတော့ တောင်ကုန်းတောင်တန်းဒေသတွေ၊ တောင်စောင်းတွေနဲ့ တောင်အောက်ခြေနေရာတွေမှာ နေထိုင်ကြတဲ့သူတွေအနေနဲ့လဲ တောင်ပြိုမြေပြိုတာတွေ ဖြစ်ပေါ်စေနိုင်လို့ အထူးဂရုစိုက်ဖို့၊ ကြိုတင်ပြင်ဆင်ထားဖို့ ရက်ကြိုခန့်မှန်းပေးပြီးအကြံပြုလိုက်ပါတယ်။ တောင်စောင်းတွေမှာ ဖောက်လုပ်ထားတဲ့ ကားလမ်းတွေမှာလဲ တောင်စောင်းပြိုကျမှု၊ မြေကျွံမှုတွေ ဖြစ်ပေါ်နိုင်ခြေ ရှိပါတယ်”လို့ သုံးသပ်ပြောကြားထား ပါတယ်။
Photo- မိုးဇလ






