ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်တွင် CNG အသုံးပြုယာဉ် ၄,၉၉၄ စီး၊ ဒီဇယ် အသုံးပြုယာဉ် ၄၀၅ စီး၊ စုစုပေါင်း YBS ခရီးသည်တင်ယာဉ် ၅,၃၉၉ စီးရှိနေပေမယ့် အကြီးစား၊ အလတ်စားနှင့် အသေးစား ပြုပြင်ရန် ယာဉ်အစီးရေပေါင်း ၁၆၀၀ စီးခန့်ရှိနေကြောင်း သိရပါတယ်။
အဆိုပါ ယာဉ်များမှာ မော်တော်ယာဉ် ထုတ်လုပ်ခုနှစ် သက်တမ်းကြာမြင့်ခြင်း၊ ယာဉ်အပိုပစ္စည်းရှားပါး၍ ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူလဲလှယ်ရန် ခက်ခဲခြင်းတို့ကြောင့် အကြီးစားပြုပြင်ရန် ယာဉ် ၅၀၀ စီးခန့်၊ အလတ်စားပြုပြင်ရန် ယာဉ် ၄၀၀ စီးခန့်နှင့် အသေးစားပြုပြင်ရန် ယာဉ် ၇၀၀ စီးခန့်ရှိနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လျှပ်စစ်ဘတ်စ်ကား (EV) များ ဝယ်ယူတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ 8.19 Meter EV Bus (ထိုင်စီး ၂၅ ဦးနှင့် ရပ်စီး ၁၀ ဦး၊ ပေါင်း ၃၅ ဦးဆံ့) ယာဉ်တစ်စီးလျှင် ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုး ခန့်မှန်းငွေကျပ် ၅၈၀၀ သိန်းခန့်ရှိပါကြောင်း၊ 10.5 Meter EV Bus (ထိုင်စီး ၃၅ ဦး နှင့် ရပ်စီး ၁၅ ဦး၊ ပေါင်း ၅၀ ဦးဆံ့) ယာဉ်တစ်စီးလျှင် ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုး ခန့်မှန်းငွေကျပ် ၆၈၀၀ သိန်းခန့်ရှိပါသဖြင့် YBS အများပိုင်ကုမ္ပဏီများအနေဖြင့် ဝယ်ယူဖြည့်တင်းနိုင်ရန် အခက်အခဲရှိနေတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ထို့အပြင် YRTC ကြီးကြပ်မှုအောက်တွင် YBS အများပိုင် ကုမ္ပဏီများသည် ထုတ်ကုန်/သွင်းကုန် လုပ်ငန်းလိုင်စင် ရရှိထားသော ကုမ္ပဏီများမဟုတ်ဘဲ ခရီးသည်သယ်ယူပို့ဆောင်ရေး ခွင့်ပြုလုပ်ငန်းလိုင်စင်သာ ရရှိထားသည့် ကုမ္ပဏီများဖြစ်တဲ့အတွက် လိုအပ်လျက်ရှိသော ယာဉ်အပိုပစ္စည်းများကို တင်သွင်းခွင့်မရှိသဖြင့် ယာဉ်အပိုပစ္စည်းများ ဝယ်ယူတင်သွင်းရန် အစီအစဉ်မရှိသေးကြောင်း ဝန်ကြီးက ဆိုခဲ့ပါတယ်။
လက်ရှိပြေးဆွဲလျက်ရှိသည့် CNG/Diesel သုံး ခရီးသည်တင် မော်တော်ယာဉ်များအနက် အသေးစားနှင့် အလတ်စား ပြင်ဆင်ရန်လိုအပ်သောယာဉ်များကို စီမံချက်ရေးဆွဲချမှတ်ကာ အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လတ်တလောတွင် ဘတ်စ်ကားသစ်များဝယ်ယူဖြည့်တင်းရန် အစီအစဉ်မရှိသေးဘူးလို့လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် CNG အသုံးပြုယာဉ် ၃၁၀၀ စီးခန့်နှင့် ဒီဇယ် အသုံးပြုယာဉ် ၃၀၀ စီးခန့် စုစုပေါင်း ၃၄၀၀ စီးခန့်ဖြင့် နေစဉ် ခရီးသည် ၈ သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
YBS, ဘက်စ်ကားအသစ်များ, ယာဉ်အကြီးစားအလတ်စားနှင့်အသေးစားပြုပြင်ရန်, YRTC,






