တောင်ကြီး-ဟိုပုံးသွား လမ်းဘေး၌ ကျောက်တုံးလိမ့်ကျမှုကြောင့် ရုံးအဆောက်အအုံတစ်လုံးနှင့် ယာဉ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး တောင်ကြီး-ဟိုပုံးသွားလမ်းလည်း ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါဖြစ်စဉ်အရ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် တောင်ကြီး-ဟိုပုံးသွားလမ်း၊ ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်ရှိတောင်ပေါ်မှ အလျား ၄၁ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေအရွယ်အစားရှိကျောက်တုံးသည် မြေသားများအိကျ၍ လိမ့်ကျခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျောက်တုံးလိမ့်ကျမှုကြောင့် ရှမ်းပြည်နယ်သတ္တုတွင်း ဦးစီးဌာနရုံး အဆောက်အအုံပေ (၁၀၀ x ၈၀) သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ရုံး အဆောက်အအုံတစ်လုံး ပြိုကျပျက်စီးခဲ့သလို SHN12/9N-7215 NISSAN Xtrail ယာဉ်တစ်စီး၊ HNS 24/1/-1577 Honda Fit ယာဉ်တစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လမ်းမကြီးပေါ် ပိတ်ဆို့နေသောမြေသားများ၊ ကျောက်တုံး/ကျောက်ခဲများ၊ သစ်ကိုင်းများကို ဝိုင်းဝန်းဖယ်ရှားပေးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။
Photos – MFSD/CJ






