၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။
၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်အတွက် လျှောက်လွှာတင်သွင်းရာ၌ ဖြေဆိုမည့်ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်းနှင့် ၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်အတွက် လျှောက်လွှာတင်သွင်းရာတွင်လည်း အပြာရောင်ဖြေဆိုခွင့်လျှောက်လွှာ ကတ်ပြားပုံစံ၌ ဖြေဆိုမည့် ဘာသာတွဲကို ရွေးချယ်ဖော်ပြရမှာဖြစ်ကြောင်း သိရပါတယ်။
စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် (၅၀ဝ)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက်(၂,၀၀ဝ)ကျပ်တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ရောင်းချပေးသွားမှာဖြစ်ပြီး လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန် (ရုံးခွဲ)တွင် ဝယ်ယူနိုင်ကြောင်း သိရပါတယ်။
၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြိုနယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး(၂,၀၀ဝ)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ရှိ ပညာရေးမှူးရုံးတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း တင်သွင်းရမည်ဖြစ်သလို အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများမှ စာမေးပွဲဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး(၂,၀ဝဝ) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း သတ်မှတ်ရက်အမီတင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိမည်မဟုတ်ဘဲ စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်၍ မိမိဖြေဆိုမည့်ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ ရမှာဖြစ်တယ်လို့ သိရပါတယ်။
၂ဝ၂၇ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ, ဖြေဆိုခွင့်လျှောက်လွှာများ, စက်မှုစိုက်ပျိုးမွေးမြူရေးအခြေခံပညာအထက်တန်းစာမေးပွဲဖြေဆိုရန်, ပညာရေး, စားမေးပွဲဖြေဆိုခွင့်,
Photo – MOI






