မန္တလေးတွင် ဆေးကုသမှုခံယူမည့် နယ်ဝေးလူနာများ မဟာအောင်မြေရှိ အာယုသုခကျောင်းဆောင်၌ အခမဲ့လာရောက်တည်းခိုနိုင်ရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ မဟာအောင်မြေ ပေါင်းလဲတိုက် ဝါဆိုကျောင်း၌ အာယုသုခကျောင်းဆောင် ဆောက်လုပ်ထားပြီးဖြစ်၍ နယ်ဝေးမှ မန္တလေးမြို့သို့လာရောက်၍ ကျန်းမာရေးအတွက် ဆေးကုသစဉ် နေထိုင်ရန် အခက်အခဲရှိသော သံဃာတော်များ၊ ဒါယိကာ၊ ဒါယိကာမများအနေဖြင့် လာရောက်တည်းခိုနိုင်ကြောင်း သိရပါတယ်။

အဆိုပါကျောင်းဆောင်ဟာ အလျား ပေ ၅၀၊ အနံ ၃၅ ပေရှိသည့် RC နှစ်ထပ်အဆောက်အအုံဖြစ်ပြီး မြေညီထပ် တွင် ၁၀ ပေ x ၁၄ ပေ အခန်း သုံးခန်း၊ ၁၀ ပေ x ၁၂ ပေ အခန်းငါးခန်း၊ ပထမထပ်တွင် ၁၀ ပေ x ၁၄ ပေ တစ်ခန်း၊ ၁၀ ပေ x ၁၂ ပေ နှစ်ခန်း၊ ပေ ၃၀ ပတ်လည် ခန်းမကျယ်တို့ပါဝင်ကြောင်း သိရပါတယ်။
ထို့ပြင် အာယုသုခကျောင်းဆောင်၌ ကျန်းမာရေး အတွက်အသုံးပြုရန် အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင် တိုင်းစက်နှင့် သွေးပေါင်းချိန်စက်များပါ ထားရှိပေးထားကြောင်း၊ ဆေးကုသရန် လာရောက်တည်းခိုလိုသော သံဃာတော်များ၊ ဒါယိကာ၊ ဒါယိကာမများအနေဖြင့်လည်း ကြိုတင်ကာ ဖုန်းဖြင့် ဆက်သွယ်နိုင်ကြောင်း မဟာအောင်မြေ ပေါင်းလဲတိုက်၊ ဝါဆိုကျောင်းမှ အသိပေးထားပါတယ်။
ကျန်းမာရေး, တည်းခိုနေထိုင်ရေးအခမဲ့, မန္တလေး, မဟာအောင်မြေ, နယ်ဝေးလူနာများ, အာယုသုခကျောင်း,






