[latest_news_marquee]

ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် ဒုဋ္ဌဝတီမြစ်ရေများအားလုံး စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေလို့ သက်ဆိုင်ရာ ဒေသခံများ ရေဘေးလွတ်ရာ Safe Zone နေရာများသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရန် သတိပေးချက်ထုတ်ပြန် 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယနေ့ ဩဂုတ် ၁၀ ရက်နေ့ မနက် ၈ နာရီ ရေကြီးမှုအခြေအနေ သတိပေးချက်အရ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် ဒုဋ္ဌဝတီမြစ်အသီးသီး၏ ရေမှတ်များသည် စိုးရိမ်ရေမှတ်များသို့ ရောက်ရှိ ကျော်လွန်နေတယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့် မြင်းမူမြို့၊ ညောင်ဦးမြို့၊ မုံရွာမြို့၊ ဘားအံမြို့၊ မဒေါက်မြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများအနေဖြင့် ရေဘေးလွတ်ရာ Safe Zone နေရာများသို့ အချိန်မီ ရွှေ့ပြောင်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြပါရန်  မိုးဇလမှ သတိပေး နှိုးဆော်ထားပါတယ်။

ဧရာဝတီမြစ်ရေဟာ မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး ညောင်ဦးမြို့တွင်လည်း စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့်သို့ ရောက်ရှိနေကာ အဆိုပါ မြို့နှစ်မြို့လုံးတွင် နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ပြန်လည်ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမယ်လို့ သိရပါတယ်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် အသီးသီး ထပ်မံမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

ဒုဋ္ဌဝတီမြစ်ရေဟာလည်း မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့်အထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News