[latest_news_marquee]

ပုဂံမှာ သီတင်းကျွတ်ပွဲတော်အတွင်း မီးပုံးပျံအလုံးရေ ၃၀,၀၀၀ လွှတ်တင်မည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယခုလာမည့် သီတင်းကျွတ်ပွဲတော်တွင် မီးပုံးပျံအလုံးရေ ၃၀,၀၀၀ လွှတ်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲတော်ကို သီတင်းကျွတ် အဖိတ်နေ့ (အောက်တိုဘာ ၂၅ ရက်နေ့)နဲ့ သီတင်းကျွတ် လပြည့်နေ့ (အောက်တိုဘာ ၂၆ ရက်နေ့)တို့မှာ နှစ်ရက်ခွဲပြီး ကျင်းပမှာဖြစ်ကာ မီးပုံးပျံများတွင် ငွေပဒေသာပင်ချိတ်ဆွဲ၍ ပုံသဏ္ဌာန်မတူသော ကုသိုလ်ပြုသည့် အစီအစဉ်၊ ပွဲတော်၌ အသုတ်စုံ၊ အဖျော်ယမကာစသည့် အစားအစာများကို နွားလှည်းပေါ်တွင် ရောင်းချပေးသည့် အစားအစာပွဲတော် အစီအစဉ် အပါအဝင် အခြားအစီအစဉ် များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဖန်တီးရန် စီမံဆောင်ရွက်ထားကြောင်း သိရပါတယ်။

ထိုသို့ မီးပုံးပျံလွှတ်တင်ရာတွင် ပလတ်စတစ်မပါဘဲ စက္ကူဖြင့်ပြုလုပ်ထားသည့်မီးပုံးပျံများကို အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် Sunset ကုန်းတို့တွင် နေရာသုံးနေရာခွဲ၍ လွှတ်တင်သွားမည်ဖြစ်ပြီး ဒေသစုံမှ ဓာတ်ပုံဝါသနာရှင်များ၊ ပန်းချီဆရာများ၊ မြန်မာ့ရှုခင်းအလှ ရိုက်ကူးသူများနှင့် မီဒီယာအဖွဲ့များလည်း လာရောက်ကြမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ မီးပုံးပျံများ ပြုလုပ်ရန်အတွက် မြင်းကပါရွာကို အပ်နှံထားကြောင်း၊ တောင်ကြီးမှ မီးပုံးပျံအဖွဲ့လည်း ရောက်ရှိနေကြောင်းနှင့် အလုံးရေများတဲ့အတွက် မီးသတ်ဌာနအပါအဝင် သက်ဆိုင်ရာဌာနအားလုံးနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပုဂံဒေသ၏ ခရီးသွားရာသီအစဖြစ်သည့် သီတင်းကျွတ်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် မီးပုံးပျံအလုံးရေ များစွာလွှတ်တင်၍ မြတ်ဗုဒ္ဓအား အလင်းရောင်ဖြင့် ပူဇော်ခြင်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ကုသိုလ်ယူနိုင်ရန်နှင့် ပုဂံဒေသ၏ သီတင်းကျွတ်လပြည့်ညအလှကို အားပါတရ ကြည့်ရှုခံစားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News