တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ Yida Hospital, Shanghai University Medical School မှ Dr. Feng Wan (Department of Cardiovascular Surgery Center ၏ ဥက္ကဋ္ဌနှင့် ပါမောက္ခ) ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးပါအဖွဲ့နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြော ခွဲစိတ်ကုဌာနတို့ ပူးပေါင်း၍ နှလုံးသွေးကြော ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပူးပေါင်းခွဲစိတ်ကုသမှုအရ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်နေ့အထိ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် နှလုံးသွေးကြောပိတ်လူနာ ၆ ဦးကို နှလုံးစက် အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုး ဖြတ်ကျော်ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ ခွဲစိတ်ပြီး လူနာများအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။
ယခုပူးပေါင်းခွဲစိတ်မှုကို ဆောင်ရွက်ပေးခဲ့သည့် ပါမောက္ခ Dr. Feng Wan သည် ၂၀၀၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၏ နှလုံးနှင့် သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိရာ လာမည့် ၂၀၂၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်၍ နှလုံးခွဲစိတ်ကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်သလို နှလုံးနှင့် သွေးကြောခွဲစိတ်ပညာ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
အလားတူ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနအနေဖြင့် မွေးရာပါနှလုံးရောဂါများ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း အကြီးစားခွဲစိတ်ကုသမှု ၁၅ ခုနှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အကြီးစားခွဲစိတ်ကုသမှု ၄၀ တို့ကို ဆောင်ရွက်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။
Photo – MOI






