YBS ယာဉ်များတွင် စပယ်ယာတင်ဆောင်ခြင်း၊ ယာဉ်စီးခပိုမိုတောင်းခံခြင်းများပြုလုပ်သည့် ယာဉ်မောင်းများအား ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရပါတယ်။
YBS ယာဉ်လိုင်းများကို မူးယစ်ဆေးဝါးသုံးစွဲ၍ ယာဉ်ကိုမောင်းနှင်ခွင့်မပြုထားကြောင်း၊ ဒီအပြင် စပယ်ယာတင်ဆောင်မောင်းနှင်ပြီး ယာဉ်စီးခ ပိုတောင်းခံခြင်းများတွေ့ရှိပါကလည်း ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း YRTC မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ကောင်းမွန်တဲ့ ယာဉ်မောင်းတစ်ဦးကို ဘယ်သူမှ အကြောင်းမဲ့ထုတ်ပယ်လို့ မရပါဘူး။ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်းကို ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်မယ်ဆိုရင် ပထမဦးစွာစုံစမ်းစစ်ဆေးရေးခုံရုံးဖွင့်ပြီး သေချာစွာစစ်ဆေးမေးမြန်းပြီးမှ တင်ပြလာတဲ့အချက်တွေကို စီမံခန့်ခွဲမှုအစည်းအဝေးမှာ ပိုင်းခြားဆုံးဖြတ်ပြီးမှသာ ထုတ်ပယ်ယာဉ်လုပ်သားအဖြစ် သတ်မှတ်တာဖြစ်တယ်”လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် YBS ယာဉ်များယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်းတို့ကို သုံးကြိမ်နှင့်အထက် စည်းကမ်းဖောက်ဖျက်ခဲ့သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ (၈/၂၀၂၆)ကို တာမွေမြို့နယ်ရှိ YRTC ရုံး၌ ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်များသည် ခရီးသည် ၁ ဒသမ ၇ သန်းခန့်ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)သည် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းမွန်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ထွန်းလာရေး ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။
Photos – MFN






