[latest_news_marquee]

တောင်ပြုံးပွဲတော်ကာလအတွင်း တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် စီးနင်းမှုများပြားသဖြင့် တိုးချဲ့ပြေးဆွဲပေးနေ

တောင်ပြုံးပွဲတော်ကာလအတွင်း တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ် စီးနင်းမှုများပြားသဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် တိုးချဲ့ပြေးဆွဲပေးနေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရပါတယ်။

အဆိုပါခရီးစဉ်တွင် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် မ-၄၁၊ မ-၄၃ သူရဲဈေး-တောင်ပြုံးနှင့် မ-၄၂၊ မ-၄၄ တောင်ပြုံး-သူရဲဈေး ရထားခရီးစဉ်အား ရိုးရိုးတန်း ၆ တွဲ၊ ဘရိတ်တွဲ ၂ တွဲ စုစုပေါင်း ၈ တွဲဖြင့် တွဲဆိုင်းဖွဲ့ဆင်ပြီး ဩဂုတ် ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီးခရီးသည် စီးနင်းမှုများပြားသဖြင့် ဩဂုတ် ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား နှစ်စင်းထပ်မံတိုးချဲ့ပြီး တစ်နေ့လျှင် အစုန်/အဆန် ရထားခရီးစဉ် ၆ ခေါက်အထိ ပြေးဆွဲပေးလျက်ရှိကြောင်းသိရပါတယ်။

သူရဲဈေး-တောင်ပြုံး ရထားခရီးစဉ်တွင် သူရဲဈေးဘူတာမှ မ-၄၁ ရထားသည် နံနက် ၇ နာရီ တွင်လည်းကောင်း၊ မ-၄၃ ရထားသည် နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ မ-၄၅ ရထားသည် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း  စတင်ထွက်ခွာ၍ တောင်ပြုံးဘူတာမှ မ-၄၂ ရထားသည် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ မ-၄၄ ရထားသည် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မ-၄၆ ရထားသည် ညနေ ၅ နာရီတွင်လည်းကောင်း စတင်ထွက်ခွာပြီး လမ်းခရီးတွင် အိုးဘို၊ မြနန္ဒာ၊ ကပိုင်ဘူတာတို့တွင် ရပ်တန့်ပေးကြောင်း၊ ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာ အတွက်မဆို တစ်ဦးလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါခရီးစဉ် စတင်ပြေးဆွဲသည့်နေ့မှစ၍ နေ့အလိုက် ရထားစီးနင်းမှုအနေဖြင့် ဩဂုတ် ၁၉ ရက်က ခရီးသည် ၄၇၇ ဦး၊ ဩဂုတ် ၂၀ ရက်တွင် ခရီးသည် ၆၄၅ ဦး၊ ဩဂုတ် ၂၁ ရက်တွင် ခရီးသည် ၂,၉၂၅ ဦး၊ ဩဂုတ် ၂၂ ရက်တွင် ခရီးသည် ၂,၄၁၂ ဦး နှင့် ဩဂုတ် ၂၃ ရက်တွင် ခရီးသည် ၆,၉၃၅ ဦးအထိ လိုက်ပါစီးနင်းထားကြောင်း၊  ခရီးသည်စီးနင်းမှု ထပ်မံများပြားလာပါက ရထားထပ်တိုး ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

ထို့ပြင် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများ ဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား-မိုးညှင်း လမ်းပိုင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းနှင့် လက်ပံတန်း-သာရဝေါ လမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထား ခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

ရထားခရီးစဉ်, တောင်ပြုံး_သူရဲဈေး, ရထားတိုးချဲ့ပြေးဆွဲ,

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News