တောင်ပြုံးပွဲတော်ကာလအတွင်း မန္တလေး – မတ္တရာလမ်းပိုင်း မီးရထားခရီးစဉ်အဖြစ် သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာသို့ RBE ရထားဖြင့် ရိုးရိုးတန်း ၆ တွဲ၊ ဘရိတ်တွဲ ၂ တွဲ၊ စုစုပေါင်း ၈ တွဲဖြင့် ဩဂုတ် ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။
အဆိုပါ ရထားခရီးစဉ်တွင် သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာသို့ နံနက် ၇ နာရီနှင့် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ တောင်ပြုံးဘူတာမှ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီနှင့် ညနေ ၄ နာရီ ၁၅ မိနစ်တို့တွင်လည်းကောင်း ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ငွေကျပ် ၁၀၀၀ နှုန်း သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။
လက်ရှိမှာ မန္တလေး – မတ္တရာလမ်းပိုင်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြို့ဟောင်းဘူတာမှ မတ္တရာဘူတာအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုအပ်သည့် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ထိုသို့ မန္တလေး – မတ္တရာလမ်းပိုင်းကို မပြေးဆွဲနိုင်သေးသည့်ကာလတွင် အများပြည်သူ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် သူရဲဈေးဘူတာမှ တောင်ပြုံးခရီးစဉ်အား ပွဲတော် ၁၀ ရက်တာကာလအတွင်း ဈေးနှုန်းသက်သာပြီး ပျော်ရွှင်စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် ပြေးဆွဲပေးခြင်းဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
မန္တလေး_မတ္တရာလမ်းပိုင်း, သူရဲဈေး_တောင်ပြုံး, ရထားခရီးစဉ်,
Photo – MWD






