ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသများသို့ နိုင်ငံခြားသားခရီးသွားများဝင်ရောက်ခွင့်နဲ့ပတ်သက်လို့ နိုင်ငံကူးလက်မှတ်၊ ဗီဇာအပြင် Package Tour သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိပါက ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသများသို့ ဝင်ထွက်ခွင့်ပြုနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြောကြားခဲ့ပါတယ်။
ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ စနစ်တကျဝင်ရောက်ခွင့်ကို (ယာယီ) ရပ်ဆိုင်းထားခြင်းအား ပြန်လည်ခွင့်ပြုပေးရန်အစီအစဉ် ရှိ မရှိ၊ မရှိပါက အဘယ်ကြောင့်နည်းနှင့် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက အခုလို ထည့်သွင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မေးခွန်းနဲ့ ပတ်သက်လို့ ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ထိုင်းနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်၊ ဗီဇာဖြင့်လည်းကောင်း၊ တတိယနိုင်ငံသားများအား Package Tour ဖြင့်သာ ဝင်ထွက်ခွင့်ပြုလျက်ရှိသည့်အတွက် နိုင်ငံကူးလက်မှတ်၊ ဗီဇာအပြင် Package Tour သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိပါကလည်းကောင်း၊ တာချီလိတ်-ကျိုင်းတုံပြည်ထောင်စုလမ်းမကြီးအတိုင်း အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ပေါက် (မြဝတီနယ်စပ်ဂိတ်မပါ) များမှ ဝင်ထွက်ခွင့်ပြုလျက်ရှိတယ်လို့ ပြန်လည်ဖြေကြားပါတယ်။
ထို့အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသများသို့ ယခင်အတိုင်း နိုင်ငံခြားသားခရီးသွားများ စနစ်တကျဝင်ရောက်လည်ပတ်ခွင့်ကို ထိုင်းနိုင်ငံသားများအတွက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ တာချီလိတ်ခရိုင်အတွင်းသာ ခွင့်ပြုလျက်ရှိတယ်လို့လည်း ဒုတိယဝန်ကြီးက ဖြေကြားထားပါတယ်။
Photos- Internet






