[latest_news_marquee]

Export တင်ပို့သည့် Made in Myanmar အထည်များ အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်ရန် တိုက်တွန်း

နိုင်ငံခြားဝင်ငွေရရှိရေးသည် အရေးကြီးသည့်အတွက် Export တင်ပို့သည့် Made in Myanmar အထည်များ အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်မြို့နယ် သီရိစန္ဒာအထည်ချုပ်နှင့်အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စက်ရုံတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်ပမှ ချည်ဝယ်ယူတင်သွင်းမှုကို လျှော့ချနိုင်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထည်ချုပ် စက်ရုံများအတွက် လိုအပ်သော ချည်ထည်နှင့်ကုန်ကြမ်းများရရှိရေးအတွက် ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှသာ စက်ရုံအပေါ်မှီခိုနေသည့် အလုပ်သမား ၇၀၀ ကျော် အလုပ်အကိုင်များ ရရှိမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလည်း အဆင်ပြေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါ စက်ရုံအနေဖြင့် အထည်ချုပ် အလုပ်သမားဦးရေ ၇၀၀ ကျော်ဖြင့် နေ့စဉ်လည်ပတ်ထုတ်လုပ်နေပြီး ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ Export တင်ပို့နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်ပစ္စည်း (၂၀) မျိုးအနက် အထည်ချုပ်လုပ်ငန်းမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ၂၆ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ၃၂ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ၂၈ ရာခိုင်နှုန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ၂၅ ဒသမ ၄၄ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ၂၈ ဒသမ ၂၉ ရာခိုင်နှုန်း ဖြင့် ပို့ကုန်ကဏ္ဍတွင် ပထမနေရာ၌ ရပ်တည်ခဲ့ပြီး အထည်ချုပ်ပစ္စည်းများကို ဂျပန်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း (၈၅) နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။  

Your Ad Here
Ad Size: 336x280 px

More News