ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ် စတဲ့ မြစ် ၅ စင်းတို့၏ မြစ်ရေများဟာ မြို့ ၆ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတာကြောင့် ကြိုတင်ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေး နှိုးဆော်ထားပါတယ်။
မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားနိုင်ရန် မိုးဇလမှနှိုးဆော်ထားပါတယ်။
မိုးဇလဌာန၏ ယနေ့ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့တွင် ၄၆ စင်တီမီတာနှင့် ဇလွန်မြို့တွင် ၄၈ စင်တီမီတာ ကျော်လွန်နေကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၆၆ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁၅ စင်တီမီတာခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သလို စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၅၄ စင်တီမီတာ၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၁၃ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း မြစ်ရေအနည်းငယ် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
ထို့အတူ တိုးမြစ်ရေမှာလည်း မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ စင်တီမီတာ ကျော်လွန်နေပြီး ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်အထက် ၃၀ စင်တီမီတာခန့်အထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထားပြီး ရေကြီးမှုအခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမယ် လို့ သိရပါတယ်။ ထို့အပြင် ယနေ့ ဩဂုတ် ၁၇ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ် – ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနိုင်ခြင်းကြောင့်လည်းကောင်း မနက်ဖြန် ဩဂုတ် ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့လည်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
Photos- မိုးဇလ






