ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့သည် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၆ ရက်နေ့က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi Bodin Building ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအပြီးမှာ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခုတို့ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သိရပါတယ်။
ထိုဆွေနွေးပွဲအပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနားလည်မှုစာချွန်လွှာ၊ နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်များ စသည့်သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခုတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့၏ ရှေ့မှောက်၌ လဲလှယ်ခဲ့တာဖြစ်လို့ သိရပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်လေ့လာရေးခရီးစဉ်များစေလွှတ်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ကာကွယ်ရေးကဏ္ဍတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာအဆင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ တရားမဝင်ကုန်သွယ်မှုတို့အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတို့၌ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံအကြား ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
သဘောတူစာချုပ်, နားလည်မှုစာချွန်လွှာ, မြန်မာ_ထိုင်း, လက်မှတ်ရေးထိုးလဲလှယ်,






