ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လွယ်ကူစွာဝင်ရောက်နိုင်ရန် ခရီးစဉ်ကြိုတင် ခွင့်ပြုမိန့်ရရှိရေးအတွက် ၁၄ ရက်ကြိုတင်၍ တင်ပြရမည့်အစား ရုံးပိတ်ရက်မပါဘဲ ၁၀ ရက်သာ ကြိုတင်၍ တင်ပြရန် ဖြေလျှော့ပေးထားတယ်လို့ ယဉ်ကျေးမှု၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ခရီးလှည့်လည်ရေး ကုမ္ပဏီများ၏ အစီအစဉ် Package Tour ဖြင့် ဝင်ရောက်သည့် နိုင်ငံခြားသားများနှင့် မိမိအစီအစဉ်ဖြင့် ဝင်ရောက်သည့်နိုင်ငံခြားသားများအတွက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
ယဉ်ကျေးမှု၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက “ခရီးစဉ်ကြိုတင် ခွင့်ပြုမိန့်ရရှိရေးအတွက် ၁၄ ရက်ကြိုတင်၍ တင်ပြရမည့်အစား ရုံးပိတ်ရက်မပါ ၁၀ ရက်ကြိုတင်၍ တင်ပြရန်ဖြေလျှော့ပေးခဲ့ပါတယ်။ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ တို့၏ ခွင့်ပြုချက်၊ သဘောထား မှတ်ချက်နဲ့အညီ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ကျိုက်ထီးရိုးစေတီတော် သို့လာရောက်သော နိုင်ငံခြား သားခရီးသွားဧည့်သည်များ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်နိုင်ရန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားရှိခြင်း၊ အလွယ်တကူ လွတ်လပ်စွာဝင်ရောက်နိုင်ရန်အတွက် Online မှတစ်ဆင့် လျင်မြန်စွာ ခွင့်ပြုချက် ရယူနိုင်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်များဝင်ရောက်မှု၊ တည်းခိုမှုနှင့် သွားလာမှုများကို သက်ဆိုင်ရာဌာနများမှ စနစ်တကျမှတ်တမ်းထားရှိခြင်းနှင့် ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးလာရောက်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များမှ လုံခြုံရေးပူးပေါင်း ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ၎င်းကပြောကြားခဲ့ပါတယ်။ ပွင့်လင်းရာသီကာလ ဘုရားဖူးဧည့်သည်များ အများဆုံးလာရောက်သည့် အချိန်အခါများ၌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ခရီးသွားလာခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဒုတိယဝန်ကြီးက စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့မှာ ကျိုက်ထို မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလှ၏ ကျိုက်ထီးရိုးစေတီတော်တည်ရှိရာဒေသသို့ နိုင်ငံခြားသားခရီးသည်များ လာရောက်ခွင့်ရှိသည့်အခြေအနေများဖြေလျှော့ပေးရန် (သို့) အလွယ်တကူဝင်ရောက်နိုင်ရန် ဆောက်ရွက်ပေးမည့်အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
Photos – CJ






