နိုင်ငံတော် သမ္မတရဲ့ ကမ္ဘောဒီးယားခရီး၌ မြန်မာ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ပြီး ယခုခရီးစဉ်ကြောင့် အမြန်ဆုံးတွေ့မြင်ရမယ့် အချက်မှာ ဟိုတယ်၊ ခရီးသွားလုပ်ငန်း လုပ်ငန်းဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေစဉ် စက်တင်ဘာ ၁၁ ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးအစည်းအဝေးခန်း၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကျင်းပပြီးနောက် လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင် နိုင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေး သဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုများအပေါ် ရှင်းလင်းဖြေကြားခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက “လက်တွေ့အမြန်ဆုံး တွေ့မြင်ရမယ့်အချက်ကတော့ ဟိုတယ်၊ ခရီးသွားလုပ်ငန်းပါ။ Siem Reap နဲ့ ပုဂံဒေသက ညီအစ်မမြို့တော် (Sister City) ပါ။ ဒါကို ဆက်ပြီးဆောင်ရွက်သွားဖို့၊ နောက်တစ်ခါ Two Countries, One Destination ကိုလည်း ဆက်ပြီးအကောင်အထည်ဖော်သွားဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်။ ဒါ့အပြင် တိုက်ရိုက်လေကြောင်းလိုင်းတွေ တိုးချဲ့ပျံသန်းဖို့၊ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်ပစ္စည်းတချို့၊ နောက်တစ်ခါ စက်မှုထွက်ကုန်ပစ္စည်းတချို့ ကမ္ဘောဒီးယားနိုင်ငံကို ကုန်သွယ်မှု လုပ်ဖို့၊ တင်ပို့ဖို့အတွက်လည်း ဆွေးနွေးခဲ့တာရှိပါတယ်”လို့ ပြောကြားထားပါတယ်။
မြန်မာ, ကမ္ဘောဒီးယား, SiemReap, ပုဂံဒေသ, ညီအစ်မမြို့တော်, SisterCity,
Photos- MOI






