ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများဟာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီဈေး တစ်လီတာလျှင် ကျပ် ၂၅၀ ကျော် နှင့် ဒီဇယ်ဈေး ကျပ် ၂၂၀ အထိ မြင့်တက်လာတာကို စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်နေတဲ့ အချက်အလက်များ အရ သိရပါတယ်။
ကော်မတီရဲ့ ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၅ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ ကျပ် သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ် ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၆၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၆၈၅ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၃,၉၅၈ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၄,၈၃၀ ကျပ် ဖြစ်ခဲ့ပါတယ်။
ယင်းအတွက် ယခင် ရက်သတ္တပတ် နှင့် ယခုအပတ် ဈေးနှုန်း နှိုင်းယှဉ်ပါက 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၂၀၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၂၆၅ ကျပ်၊ ဒီဇယ် ၁၉၇ ကျပ်နှင့် ပရီမီယံဒီဇယ် ၂၂၀ ကျပ် အသီးသီး မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်မှုများ တွေ့ရှိပါက ကော်မတီ၏ Hotline ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံသည် စက်သုံးဆီကို စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အဓိက တင်သွင်းနေရပြီး ကမ္ဘာ့ရေနံဈေး အပြောင်းအလဲအပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များက ပြည်တွင်းဆီဈေးကို တိုက်ရိုက် ပြောင်းလဲစေသည့် အဓိကအချက်များ ဖြစ်နေတယ်လို့ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချသူများ အသိုင်းအဝိုင်းက သုံးသပ်ပြောကြားလျက်ရှိပါတယ်။
Photos- စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ






