[latest_news_marquee]

ရှေးဟောင်းဝတ္ထုပစ္စည်းများကို လာရောက်အပ်နှံပါက အနည်းဆုံး ခေတ်ကာလပေါက်ဈေး၏ ၂ ဆခွဲမှ ၃ ဆခွဲကျော် အထိ ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိ

ရှေးဟောင်း ဝတ္ထုပစ္စည်းများကို လာရောက်အပ်နှံပါက အနည်းဆုံး ခေတ်ကာလပေါက်ဈေး၏ ၂ ဆခွဲမှ ၃ ဆခွဲကျော်အထိ ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိတယ်လို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။

ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းအမျိုးမျိုးဖြင့် တွေ့ရှိခြင်းဖြင့်သော်လည်းကောင်း၊ ဝါသနာအလျောက် စုဆောင်းထားခြင်းဖြင့်သော်လည်းကောင်း ရရှိသိမ်းဆည်းထားပြီး နိုင်ငံတော်သို့အပ်နှံပါက ရွှေထည်ပစ္စည်းများ ဖြစ်ပါက ပညာရှင်အဖွဲ့၏ စိစစ်သုံးသပ်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အရည်အသွေးစစ်ဆေး၍ အရည်အသွေးနှင့် အလေးချိန်ကို ယင်းနေ့ပြင်ပပေါက်ဈေးဖြင့် မူလတန်ဖိုး တွက်ချက်၍ ချီးမြှင့်ပေးနေတယ်လို့ သိရပါတယ်။

ထိုသို့ ချီးမြှင့်ပေးနေရာတွင် ပျူခေတ်လက်ရာပစ္စည်းများဆိုပါက မူလတန်ဖိုးများအပြင် ခေတ်ကာလတန်ဖိုး ရာခိုင်နှုန်း ၈၀၊ ခေတ်လက်ရာတန်ဖိုးရာခိုင်နှုန်း ၄၀ မှ ၈၀ အထိအပြင် ထပ်ဆောင်းတန်ဖိုးပါ ချီးမြှင့်မှာဖြစ်ပြီး

ပုဂံခေတ်လက်ရာပစ္စည်းများဖြစ်ပါက ခေတ်ကာလတန်ဖိုးရာခိုင်နှုန်း ၇၀၊ ခေတ်လက်ရာတန်ဖိုးရာခိုင်နှုန်း ၄၀ မှ ၇၀ အထိအပြင် ထူးခြားရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုး၏ ရာခိုင်နှုန်း ၄၀ မှ ၈၀ အထိ ထပ်မံချီးမြှင့်ပေးသည့်အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းများကို အနည်းဆုံးခေတ်ကာလ ပေါက်ဈေး၏ ၂ ဆခွဲမှ ၃ ဆခွဲကျော်အထိ ဆုကြေးငွေများ ချီးမြှင့်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဩဂုတ် ၄ ရက်နေ့ မနက်ပိုင်းကလည်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်လက်ရာများဖြစ်သည့် ရွှေပန်းကနုတ်အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက်ပုတီးစေ့၊ ကြေးအလေး၊ ကြေးခလောက်၊ ကြေးသတ္တုစပ်ပြား၊ မြေထည်ပစ္စည်းများ စသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအရေအတွက် စုစုပေါင်း ၁၁၇၃ ခုကို အပ်နှံခဲ့ခြင်းအတွက် အပ်နှံပေးသူများကို ဆုကြေးချီးမြှင့်ငွေကျပ် ၁၀၄၉ သိန်းကျော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်လည်း သိရပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် ခိုင်မာသည့်သမိုင်းသက်သေများ ဖြစ်သဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်အရေးကြီးပြီး ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရာတွင် ပြည်သူလူထု၏ တာဝန်သိစိတ်နှင့် ပူးပေါင်းပါဝင်မှုသည် ပဓာနကျသလို ယခုကဲ့သို့ စီးပွားရေးအကျိုးအမြတ်ထက် နိုင်ငံတော်အတွက် ရှေးဟောင်းပစ္စည်းများကို စေတနာအပြည့်ဖြင့် လာရောက်အပ်နှံခဲ့ကြသည့် ပြည်သူများ၏ အမျိုးသားရေးအသိကို လေးစားဂုဏ်ယူကာ အပ်နှံခဲ့သည့်ပစ္စည်းများကို အမျိုးသားပြတိုက်များတွင် စနစ်တကျ ထိန်းသိမ်းပြသသွားမှာဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်၌ ရှေးဟောင်းပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ ဆက်သွယ်အပ်နှံကြရန်နှင့် သတင်းပေးပို့ကြရန်လည်း ဝန်ကြီးဌာနမှ တိုက်တွန်းထား ပါတယ်။

Photos- MDN

Your Ad Here
Ad Size: 336x280 px

More News