ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ဌာနဆိုင်ရာရုံးများတွင် ရေဝင်မှုများရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၉ နာရီက ကလောချောင်း ရေလျှံမှုဖြစ်ပွားခဲ့ရာ ယခုလို ရေများဝင်ရောက်လျက်ရှိတာဖြစ်ပြီး ကလောမြို့ပေါ်ရှိ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်များတွင် ချောင်းဘေးတစ်လျှောက်ရှိ နေအိမ်များအတွင်းသို့ ချောင်းရေ ၁ ပေမှ ၃ ပေအထိ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ရေဝင်ရောက်သည့် နေအိမ်များသို့ ကလောတပ်နယ်မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြိုတင်သတိပေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးစခန်းဖွင့်လှစ်၍ ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ပြောင်းပေးလျက်ရှိပြီး ထိုသို့ ကလောချောင်းရေလျှံမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။
Photos- MOI






