ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်အချို့၌ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ထပ်ပိုးလွှာ (Sticker) များဖြင့် ကပ်နှိပ်ရောင်းချနေခြင်းအား စိစစ်တွေ့ရှိနေသဖြင့် စတစ်ကာ ကပ်ခြင်းကို သီးခြားခွင့်ပြုထားခြင်းမရှိကြောင်းနှင့် ကုန်စည်ပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ စားသုံးသူများ လုံခြုံစိတ်ချရသည့် ကုန်စည်များရွေးချယ်ဝယ်ယူနိုင်ရေးနှင့် လုပ်ငန်းရှင်များ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ၎င်းတို့ဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအားခေါ်ယူ၍ ဈေးကွက်မရောက်မီ စစ်ဆေးခြင်းဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်များ နှင့်အညီ ကိုက်ညီမှုရှိစေရေးအတွက် အရှိန်အဟုန်မြှင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းဦးစီးဌာနမှ သိရပါတယ်။
ထို့အပြင် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များ ဥပဒေနှင့်ညွှန်ကြားချက်များအတိုင်း စနစ်တကျလိုက်နာဆောင်ရွက်လာစေရန်အတွက် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ၎င်းကာလနောက်ပိုင်း သတ်မှတ်ထားသောညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အားနည်းသော(သို့မဟုတ်)လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သောလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း ၎င်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးခြင်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေများနှင့် ညွှန်ကြားချက်များအရ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သြဂုတ်လအထိ လုပ်ငန်းရှင် ၁,၀၁၉ ဦး၊ ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃,၇၁၃ မျိုးအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ စိစစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
Photo – MOI






